တာချီလိတ်မြို့တွင် ၂ ရက်ဆက်တိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တရုတ်လူမျိုး ၁ ဦးသေဆုံး
DVB
·
February 13, 2020
မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ နှစ်ရက်ဆက်တိုက် သေနတ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီနေ့ ပစ်ခတ်မှုမှာတော့ လူတစ်ဦးသေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းမှာ နေအိမ်ရှေ့ ကားပေါ်ကဆင်းလာတဲ့သူတစ်ဦးကို မျက်နှာချင်းဆိုင်ကားပေါ်က သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူဟာ တာချီလိတ် ဆန်ဆိုင်း(က)ရပ်ကွက် ထွန်းလင်းရောင် Night Club ဟောင်းဘေး နေအိမ်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး သူ့ကို သေနတ်နဲ့ ၅ ချက်လောက် ဆက်တိုက်ပစ်ခတ်သွားတာပါ။
ပစ်ခတ်ခံရသူဟာ လောက်ကိုင်ဘက်က လာရောက်ပြောင်းရွေ့နေထိုင်တဲ့ တရုတ်လူမျိုးဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါသေနတ်ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက လိုက်လံ စုံစမ်းနေပြီး မနေ့ကလည်း 1G1 ဟိုတယ်ရှိနတ်စင်ကို သေနတ်နဲ့ပစ်ခတ်သွားသူရဲ့နေအိမ်ကနေ မူးယစ်ဆေးဝါးတွေနဲ့ ဂိမ်းစက်တွေကို ဖမ်းမိခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခြင်းမရှိသေးပါဘူး။
သတင်း- ကိုဇက်