စပါးစ်အသင်းနည်းပြဘဝအကြောင်း ပိုချက်တီနို ပြန်ပြောင်းပြော

စပါးစ်အသင်းရဲ့ နည်းပြအဖြစ်ရှိခဲ့စဉ်တုန်းကအကြောင်းတွေကို ပြန်လည်ပြောဆိုတဲ့အခါမှာ ပိုချက်တီနိုဟာ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းအပေါ် အသာရရှိခဲ့ပုံတွေကိုပါ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။  အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုဟာပြီးခဲ့တဲ့နိုဝင်ဘာလမှာ စပါးစ်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ငါးနှစ်ခွဲကြာဆောင်ရွက်ခဲ့တဲ့ ရာထူးကိုလက်လွှတ်ခဲ့ရပါတယ်။ လက်ရှိအချိန်အထိ ဘယ်အသင်းကိုမှတာဝန်ယူခြင်းမရှိ သေးပေမဲ့ ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းရဲ့ နည်းပြအသစ်ဖြစ်လာဖို့ တော်တော်လေး ရေပန်းစားနေပါတယ်။ သူဟာမန်နေဂျာလောကထဲကို ပြန်လည်ဝင်ရောက်ကာ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ခြေချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။ ပိုချက်တီနိုဟာ စပါးစ်အသင်းကို ပရီးမီယားလိဂ်မှာလေးနှစ်ဆက်တိုက် ထိပ်ဆုံးလေးသင်း စာရင်းဝင်အောင် နည်းပြနိုင်ခဲ့သူဖြစ်ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်ရဲ့လူရိုသေရှင်ရိုသေ အသင်းဖြစ်လာအောင်ပျိုးထောင်နိုင်ခဲ့ပါတယ်။  သူ့လက်ထက်မှာစပါးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးတော့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာကြောင့်သာ ချန်ပီယံအိမ်မက်ကို စွန့်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။  သူ့ရဲ့စပါးစ်နည်းပြဘဝအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြန်လည်မေးမြန်းခဲ့ရာမှာ ပိုချက်တီနိုက သူ့လက်ထက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ  လန်ဒန်ပြိုင်ဘက် အာဆင်နယ်ရဲ့ အထက်ကနေ သုံးရာသီ ရပ်တည်နိုင်ခဲ့တာကိုပါ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။  “သေချာတာပေါ့။ ကျနော်စပါးစ်အသင်းနဲ့အောင်မြင်ခဲ့တဲ့ အရာအားလုံးအတွက် အရမ်းကို ဂုဏ်ယူ မိပါတယ်။ စပါးစ် အသင်းနည်းပြအဖြစ်ရှိနေခဲ့တဲ့ အချိန်တွေကိုပြန်လေ့လာကြည့်မယ်ဆိုရင် အပြုသဘောဆောင်တဲ့အရာတော်တော်များများဖြစ်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်” လို့ ပိုချက်တီနိုက ပြောပါတယ်။   “ကျနော်ကစပါးစ်အသင်းအတွက်အရေးပါတဲ့ အခိုက်အတန့်တွေမှာ နည်းပြအဖြစ်ရှိ နေခဲ့ပါ တယ်။ ဒီအခိုက်အတန့်တွေမှာကျနော်လုပ်ခဲ့သမျှအရာအားလုံးက သည်းထိတ်ရင်ဖိုပါပဲ။ ဝှိုက်ဟက်လိန်းကို ဖြတ်ပြီး ကွင်းအသစ်ဆောက်တဲ့ကိစ္စ၊ ဝင်ဘာလေကွင်းမှာ ကစားရမယ့်ကိစ္စ စတဲ့ ဒီအရာအားလုံးဟာ ဘယ်လောက်အထိ ကိုင်တွယ်ရခက်ခဲလဲဆိုတာကို ဘောလုံးလောက လူတွေပဲ သိနိုင်ပါတယ်။ နည်းပြအဖြစ် အခက်အခဲတွေရှိခဲ့ပေမယ့် စပါးစ်အသင်းကို နောက်တဆင့်ကို တင်ပေးနိုင်ခဲ့တဲ့အောင်မြင်မှုတိုင်းအတွင်ဂုဏ်ယူမိပါတယ်”လို့လည်း သူက ပြောပါတယ်။  ပိုချက်တီနိုဟာ စပါးစ်အသင်းမှာ ဆုဖလား တစုံတရာ ဆွတ်ခူးဖို့ ပျက်ကွက်ခဲ့ပေမယ့် စပါးစ် အသင်းမှာ သူမြုပ်နှံခဲ့တဲ့အမွေအနှစ်တွေက ဆုဖလားတွေထက်ပိုပြီးအရေးကြီးတယ်လို့ဆိုပါတယ်။  ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ သုံး၊လေး နှစ်ဆက်တိုက်ကစားခွင့် ရဖို့နဲ့ ရာသီကုန်ဆုံးချိန်တိုင်း အာဆင်နယ်အသင်းရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ခြင်းတွေက စပါးအသင်းအတွက်ကြီးမားတဲ့ အမွေ အနှစ်တွေပဲဖြစ်ပါတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up