ဟူဘေးပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူ ၂၄၂ ဦး‌ သေဆုံး

ကိုရိုနာဗိုင်းရပ်စ်သစ် စဖြစ်ကတည်းက လူအသေအပျောက်အများဆုံးအဖြစ်  ဖေဖော်ဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ ၂၄၂ ယောက် သေဆုံးခဲ့ပါတယ်။  နောက်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၈၄၀ စစ်ဆေးတွေ့ရှိပြီး ကူးစက်ခံရသူအရေအတွက် တဟုန်ထိုးမြင့်တက်လာပါတယ်။  ဟူဘေးပြည်နယ်မှာ ရောဂါရှာဖွေတာကို ကျယ်ကျယ်ပြန့်ပြန့် စလုပ်လာတာကြောင့် တိုးလာတဲ့ ကူးစက်မှုတွေကို ပိုမိုသိရှိလာတာပါ။ ဖေဖော်ဝါရီ ၁၂ ရက် မြင့်တက်မှု မတိုင်မီ  ဟူဘေးပြည်နယ်မှာ ကူးစက်ခံအရေအတွက်က တည်ငြိမ်နေခဲ့ပါတယ်။  ဒါကြောင့် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်  စုစုပေါင်းသေဆုံးသူ ၁၃၅၀ ကျော်လာပြီး စုစုပေါင်းကူးစက်ခံရတဲ့အရေအတွက် ၆၀,၀၀၀နီးပါး ရှိလာတဲ့အပြင် စုစုပေါင်း ကူးစက်ခံရသူတွေရဲ့ ၈၀ရာခိုင်နှုန်းကျော်က ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။  အဲဒီထဲမှာ ဓာတ်ခွဲခန်းစစ်ဆေးချက် မဟုတ်ဘဲ လူနာ ရောဂါလက္ခဏာပေါ် အခြေခံတဲ့ ဆရာဝန် စစ်ဆေးချက်တွေလည်း ပါဝင်ပါတယ်။ ဝူဟန်မှာ ထပ်မံသေဆုံးတဲ့ ၂၄၂ ယောက်မှာ ၁၃၅ ယောက်ကို  ရောဂါလက္ခဏာပေါ် အခြေခံပြီး စစ်ဆေးထားတာပါ။  ရောဂါစစ်ဆေးချက်အသစ် မလုပ်ဘဲနဲ့ သေဆုံးသူက ၁၀၇ ယောက် ရှိတာမို့ ဟူဘေးပြည်နယ်အတွက် အသေအပျောက် မြင့်မားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၈၄၀မှာလည်း ၁၃၃၃၂ ယောက်က လူနာရဲ့ရောဂါလက္ခဏာပေါ် အခြေခံစစ်ဆေးထားတာဖြစ်တယ်လို့ ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက စတင်ကူးစက်ပြီး ကိုဗစ်နိုင်တဲင်းလို့ နာမည်ပေးလိုက်ပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁နာရီခွဲထိ သေဆုံးသူ ဦးရေ ၁၃၆၉ယောက် ရှိပြီး ခြောက်သောင်းကျော် ဦး ကူးစက်ခံထားရပါတယ်။ ကူးစက်ခံ ၁၆ရာခိုင်နှုန်းဖြစ်တဲ့ လူ ၈ထောင် ကျော်က အသည်းအသန်အခြေအနေမှာ ရှိနေပြီး ကူးစက်ခံအယောက် ၆ထောင်ကျော်က နေပြန်ကောင်းလို့ ဆေးရုံကနေ ဆင်းသွားကြပါပြီ။  လက်ရှိမှာ ကူးစက်မှု နှေးနေပုံရတဲ့အခြေအနေကို အလွန်အမင်း သတိထားရမယ့် အခြေအနေအဖြစ် ရှုမြင်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖေဖော်ဝါရီ ၁၂ရက်မှာ ပြောပါတယ်။  ကူးစက်မှုဟာ ဘယ်လို ဦးတည်ချက်ကို မဆို သွားနိုင်တယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရို အဒ်ဟာနွန် ဂတ်ဘရေအီးဆပ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ဗိုင်းရပ်စ်သစ် ကူးစက်မှု ကိုင်တွယ်ဖြေရှင်းရေး လုပ်ဆောင်ချက်တွေကို သိပ္ပံပညာနဲ့ရော ဆန်းသစ်တီထွင် နည်းလမ်းရှာရေးနဲ့ပါ ချဉ်းကပ် ဆောင်ရွက်နိုင်ရေး ၂ရက်ကြာ အစည်းအဝေး အပြီးမှာ ခုလို ပြောတာပါ။  WHO က ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို ဒီသီတင်းပတ် အစောပိုင်းမှာ သွားရောက်ခဲ့ပြီး လုပ်နိုင်စွမ်းနဲ့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်း နိုင်ခဲ့ တယ်လို့ တေဒရော့စ်က ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံ ထားရနိုင်ချေရှိတဲ့ ခရီးသည်နဲ့ ဝန်ထမ်း အယောက် ၂၂၀၀ ကျော် ပါတဲ့ ဇိမ်ခံသင်္ဘော MS Westerdam ကို ထိုင်း၊ဂျပန်၊ထိုင်ဝမ်၊ဂူအမ်နဲ့ဖိလစ်ပိုင်တို့က သူတို့ ဆိပ်ကမ်း တွေမှာ ကမ်းကပ်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့အပြီး ကမ္ဘောဒီးယားနိုင်ငံက ဆိပ်ကမ်းမှာ ကမ်းကပ်ခွင့် ရခဲ့ တယ်လို့လည်း သူက ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတိုင်းက ပြင်ဆင်ထားသင့်ပြီး ဘာမှ အာမခံချက် မရှိသေးဘူးလို့လဲ သူက သတိပေး ပါတယ်။  လတ်တလောမှာ လူ ၂၂၄၉ ယောက် သေဆုံးခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ဒဏ်ခံ ကွန်ဂိုနိုင်ငံလိုမျိုး အဆင်သင့်ပြင်ဆင် မထားတဲ့ နိုင်ငံတွေဆီ ကိုဗစ်နိုင်တဲင်းဗိုင်းရပ်စ် ကူးစက်သွားမှာကို WHOက အကြောက်ဆုံးပဲလို့လည်း ညွှန်ချုပ်က ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up