Home
မြန်မာသတင်း
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပုသိမ်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
DVB
·
February 13, 2020
ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်အောင်ချုပ်ဆန်းရဲ့ ၁ဝ၅ နှစ် ပြည့်မွေးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပုသိမ်မြို့ ကုန်သည်လမ်းရှိ ရွှေညောင်ပင်ကလပ် ပိုက်ကျော်ခြင်းအားကစားကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပပါတယ်။ ပြိုင်ပွဲကို ဧရာဝတီတိုင်းအတွင်းက ပိုက်ကျော်ခြင်း အားကစားကလပ်အသင်းတွေသာမက ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မွန်ပြည်နယ်တွေက ကလပ်အသင်းတွေပါ လာရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေကြပါတယ်။ အသင်းတသင်းစီမှာ မြန်မာ့လက်ရွေးစင် ကစားသမား တဦးစီ  ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားတယ်လို့ ဧရာဝတီတိုင်းပိုက်ကျော်ခြင်း ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးရဲလွင်က ဒီဗွီဘီကိုပြောပါတယ်။ "တစ်နိုင်ငံလုံးကလာပြိုင်တဲ့ Open Challenging ဖိတ်ခေါ်ပြိုင်ပွဲပါ၊ ပြိုင်ပွဲ စည်းကမ်းချက်တွေနဲ့အညီ လာပြိုင်ကြပါတယ်၊ ဗိုလ်ချုပ်မွေးနေ့ကိုသိစေချင်တာအပြင် ဒေသတွင်း ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ကျင်းပတာပါ" လို့ ဦးရဲလွင်က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို အကြောင်းပြု ကျင်းပလို့ နောက်မျိုးဆက်တွေ ဗိုလ်ချုပ်အောင်ဆန်းကိုသိရှိပြီး ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး အားကစားလောကမှာလည်း ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဧရာဝတီတိုင်း မြန်မာ့ရိုးရာခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ပုသိမ်မြို့နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောပါတယ်။ ပြိုင်ပွဲနောက်ဆုံးနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ၊ တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကျင်းပမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနဲ့ တတိဆုဖလား ချီးမြှင့်မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာလည်း အားကစားပြိုင်ပွဲတွေနဲ့ ကဗျာရွတ်ပြိုင်ပွဲတွေ၊ စာဖတ်ပြိုင်ပွဲတွေလည်း ပြုလုပ်နေကြပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024