လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ကျောက်တော်မြို့နယ်က ကျောင်းသား ၂ ဦး၏ ဒဏ်ရာ စိုးရိမ်ရ
ဝဏ္ဏခွာညို
·
February 13, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ရွာအနီး ချောင်းစပ်မှာဘောလုံးကန်နေကြတဲ့ ၁၀ တန်းကျောင်းသား ၃ ယောက် နဲ့ ၅ တန်းကျောင်းသား ၁ ယောက်တို့ လက်နက်ကြီးကျည်ထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရတဲ့ ကျောင်းသားလူနာနှစ်ယောက်ထဲမှာ တယောက်က ဘယ်ဘက်လက် ပြတ်သွားပြီး အခြားတယောက်ကတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရတဲ့လူနာတွေကို အဲဒီနေ့မှာ ကျောက်တော်နာရေးကူညီမှုအသင်း အကူအညီနဲ့ ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ အတားအဆီးတွေနဲ့ စစ်ဆေးမှုတွေများတာကြောင့် ည ၁၀ နာရီ ဝန်းလောက်မှာမှ ကျောက်တော်ဆေးရုံကို ရောက်တာလို့ဆိုပါတယ်။
ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာနဲ့ တမ်းမကျေးရွာအနားတွေမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ သီးတင်းတပတ်လောက် ရှိနေပြီဖြစ်ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။