အိုင်စီစီက အလိုရှိသူအားလုံး ရုံးတင်အစစ်ခံရန် ဆူဒန်အစိုးရနှင့် ဒါဖာသူပုန်အဖွဲ့များ သဘောတူ

REUTERS/Mohamed Nureldin Abdallah
1.3K
နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ) က အလိုရှိသူအားလုံး ရုံးတင်အစစ်ခံမယ်လို့ ဆူဒန်အစိုးရနဲ့ ဒါဖာသူပုန်အဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ သဘောတူလိုက်ပါတယ်။
ဒါပေမဲ့ ရာထူးက အဖယ်ခံရတဲ့ သမ္မတဟောင်း ဘာရှာရဲ့ ရှေ့နေကတော့ အဲဒီအစီအစဉ်ကို ပယ်ချလိုက်ပါတယ်။
မနှစ်တုန်းက ရာထူးကနေ ဖယ်ရှားခံရတဲ့ ဆူဒန်သမ္မတဟောင်း ဘာရှာကို စစ်ရာဇဝတ်မှု၊ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အိုင်စီစီက အလိုရှိနေပါတယ်။
ဒါပေမဲ့ အဲဒီအကြောင်းကို ကြေညာရာမှာ ပြန်ကြားရေးဝန်ကြီးက သမ္မတဟောင်းရဲ့ နာမည်ကို မဖော်ပြခဲ့ပါဘူး။ ဒီကိစ္စဟာ နိုင်ငံရေး တရားရုံးကိစ္စ ဖြစ်တာကြောင့် အိုင်စီစီနဲ့ ပတ်သက်ဖို့ကို သမ္မတဟောင်းက ငြင်းဆိုထားတယ်လို့ ဘာရှာရဲ့ရှေ့နေက ပြောပါတယ်။
အိုင်စီစီရဲ့ စွပ်စွဲချက်တွေဟာ အနောက်နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှု တစိတ်တပိုင်း ဖြစ်တယ်လို့လည်း သမ္မတဟောင်း ဘာရှာက ပြောပါတယ်။
ဆူဒန်စစ်တပ်နဲ့ သဘောတူညီချက်ယူထားတဲ့ ၃ နှစ် အသွင်ကူးပြောင်းကာလမှာ လက်ရှိ အရပ်သားအစိုးရဟာ ဒါဖာဒေသနဲ့ တခြား အပစ်ပယ်ခံဒေသတွေက သူပုန်တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးပမ်းနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အနောက်ဒါဖာဒေသမှာ အကြမ်းဖက်မှုဖြစ်ခဲ့ပြီး လူ ၆၅ ယောက်ထက်မနည်း သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်းထောင်ချီ နေရပ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးမစ်ရှင်က ပြောပါတယ်။