စီးပွားရေးသမား အန်ဒရူးယန် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်

Reuters/Brendan McDermid
လာမယ့်နိုဝင်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေထဲက စီးပွားရေးသမား အန်ဒရူးယန်ဟာ ပြိုင်ပွဲကနေ နုတ်ထွက်သွားပါတယ်။ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ယန်ဟာ စကားစစ်ထိုးပွဲတွေအတွက် အရည်အသွေး ပြည့်မီပြီး ပြိုင်ပွဲမှာ နိုင်ငံရေးအတွေ့အကြုံရှိသူတချို့ထက် သက်တမ်း ကြာရှည်ခဲ့တာကြောင့် စောင့်ကြည့်လေ့လာသူတွေ အံ့သြခဲ့ရပါတယ်။ အသက် ၄၅ နှစ်အရွယ် ယန်ဟာ ထိုင်ဝမ် ရွှေ့ပြောင်းမိဘတွေရဲ့ သားတဦးဖြစ်သလို အိုင်ဗီလိဂ်ကျောင်းဆင်း ပညာတတ်တဦးလည်း ဖြစ်ပါတယ်။ အ‌မေရိကန် သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်တဲ့ ပထမဆုံး အာရှ-အမေရိကန် ယန်ဟာ လူသိပ်မသိသူတဦးအဖြစ် ၂၀၁၇ ခုနှစ်မှာ စတင်ဝင်ရောက်တာပါ။   အမေရိကန်နိုင်ငံသားတိုင်း တလကို အခြေခံလစာ ဒေါ်လာတစ်ထောင် ရစေမယ့် ယန်ရဲ့ အဆိုပြုချက်ဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးကို ဖြေရှင်းပေးမယ့် အဖြေပဲ ဖြစ်ပါတယ်။   “စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှာ အလိုအလျောက်စနစ်ကို အသုံးပြုလာတာကြောင့် သန်းနဲ့ချီတဲ့ စက်မှုလုပ်ငန်း အလုပ်အကိုင်တွေကို ထိခိုက်စေပြိး အကျိုးဆက်အနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ထရမ့်ကို လမ်းခင်းပေးခဲ့တယ်။ ထရမ့်ဟာ ပြဿနာအားလုံးရဲ့ အကြောင်းရင်းမဟုတ်ဘဲ လူတွေဟာ ထရမ့်လို လုပ်တဲ့အခါမှာတော့ အမှားလုပ်မိတယ်”လို့ ဖေဖော်ဝါရီ ၇ ရက် စကားစစ်ထိုးပွဲမှာ ယန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up