တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးပြန်မြှင့်တင်ရန် အန်အယ်လ်ဒီ ကြိုးပမ်းနေ

တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးအေးစက်နေတာကို ပြန်နီးစပ်နိုင်အောင် ကြိုးစားနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူက ပြည်ထောင်စုနေ့မှာ ပြောလိုက်ပါတယ်။  ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီကြီး မူဝါဒကိုသုံးစွဲပြီး တိုင်းရင်းသားပါတီတွေရဲ့သဘောထားတွေကို လစ်လျူရှုခဲ့တယ်လို့ ဝေဖန်ခံခဲ့ရ တာပါ။  ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တွေက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံတယ်လို့ ဖေဖော်ဝါရီ ၁၂ရက်က ပါတီရုံးချုပ်မှာပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်  ဦးဟံသာမြင့်က ပြောပါတယ်။  “အတိုက်အခံဘဝတုန်းကနဲ့မတူဘဲ အာဏာရတဲ့ ပါတီအနေနဲ့ ဖြစ်လာတဲ့ အခါမှာ ကျနော်တို့ လုပ်လာတဲ့အခါမှာ ကျနော်တို့ရဲ့အစိုးရအနေနဲ့၊ ကျနော်တို့ရဲ့ လွှတ်တော်အနေနဲ့ရော လုပ်ဆောင်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကရော အစိုးရအဖွဲ့ရော သူတို့မှာ ကန့်သတ် ထားတဲ့ အတိုင်းအတာဘောင်တွေရှိပါတယ်။ ဒီ အပေါ်မှာ လုပ်နေရတဲ့အခါကျတော့ အစကတော့ ရင်းနှီးမှုက နည်းနည်းလျော့သွား တယ်ပေါ့ဗျာ၊ ဒါကတော့ မှန်တယ်လို့ ယူဆပါတယ်။ ကျနော်တို့ရဲ့ အေးစက်လာတယ်လို့ ယူဆရတဲ့ ဆက်ဆံရေးများ တိုင်းရင်းသားပါတီများနဲ့ကြားမှာ ဆက်ဆံရေး ပြန်လည်ပြီးတော့ မြှင့်တင်ဖို့၊ ပြန်လည်ပြီးတော့ နွေးထွေးလာဖို့ လုပ်နေပါပြီလို့ ဒီနေရာကနေ ပြောချင်ပါတယ်”  နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာမှာ အပြောသက်သက်၊ နိုင်ငံရေးကြွေးကြော်သံသက်သက်မဟုတ်ဘဲ ဆန္ဒစွဲ၊ လူမျိုးစွဲကင်းကင်းနဲ့ ကြိုးစားဖို့လိုတယ်လို့ ပါတီ  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က အဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုနေ့ ကြေညာချက်ကို ဖတ်ကြားပြောပါတယ်။ “တိုင်းရင်းသားမျိုးနွယ်စု အားလုံးအတွက်၊ ပြည်သူအားလုံးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို မွေးဖွားပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအတွက် ကျေးဇူးဆပ်ကြစို့” အန်အယ်လ်ဒီ အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)ကို သုံးကြိမ်တိုင်ကျင်းပခဲ့ပြီး အန်စီအေအပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တိုးလာတဲ့အတွက် စာချုပ်မှာပါဝင်တဲ့ အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ရှိလာပါတယ်။  နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ သမ္မတအိမ်တော်ဆီကို တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးအတွက် အားစိုက်ဖို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up