Homeမြန်မာသတင်း
ကျုံကူးတွင် မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး ဆုံးရှုံး၊ လူဦးရေ ၅၀ ခန့်မီးဘေးဒုက္ခ္ခရောက်နေ
ကျုံကူးတွင် မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး ဆုံးရှုံး၊ လူဦးရေ ၅၀ ခန့်မီးဘေးဒုက္ခ္ခရောက်နေ
DVB
·
February 12, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၂ လုံး မီးထဲပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျုံကူးကျေးရွာ အထက်စုပိုင်းမှာ မနက် ၉ နာရီလောက်က ဦးမောင်မောင်ကြီးနေအိမ်က စတင်ကာ မီးလောင်ကျွမ်းခဲ့တာ မီးလောင်ချိန် ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ကာ ကျပ် ၂၈၉၈၀၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ငပုတောမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
"မီးစလောင်တော့ သတင်းရတာနဲ့ ကျုံကူးက နယ်ခံမီးသတ်ကား ၁ စီးနဲ့ ဟိုင်းကြီးက မီးသတ်ယာဉ် ၁ စီးပေါင်းမီးသတ်ခဲ့ပါတယ်။ မီးလောင်ချိန်ကတော့ ၄၅ မိနစ်လောက်ကြာမြင့်ခဲ့တယ်၊ နေအိမ် မီးဖိုချောင်းကနေ မီးကူးစက်လောင်ကျွမ်းတာပါ၊ ခုတော့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ် "လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်က ပြောပါတယ်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၁၂ လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၅၀ နီးပါး မီးဘေးဒုက္ခ္ခရောက်နေပြီး ကျောင်းသား ကျောင်းသူတွေလည်းပါဝင်ပါတယ်။
မေတ္တာဟိတတရား ပရဟိတအသင်းမှ ကိုအောင်စိုးမင်းက "မီးလောင် ခံရတဲ့မိသားစုတွေထဲမှာ ကျောင်းသား ၁၆ ယောက်လောက်ပါတယ်။ စာမေးပွဲဖြေခါနီးဆိုတော့ အခက်အခဲဖြစ်တာပေါ့။ ခုတော့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်း ပြီးတော့ စီစဉ်ပေးနေပါတယ်၊ မီးဘေးသင့်သူတွေကို ကျုံကူးဆေးရုံဝန်းအတွင်းက ဝန်ထမ်းတွေ ထားဖို့ဆောက်ထားတဲ့ လိုင်းခန်းသစ်တွေမှာ စီစဉ်ပေးထားတယ် "လို့ ဒီဗွီဘီကိုပြောပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဦးမောင်မောင်ကြီးကို ကျုံကူးနယ်မြေရဲစခန်းမှာ (ပ)၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ကျုံကူးသူ