ရသေ့တောင်တွင် တိုက်ပွဲကြောင့် တပတ်ကျော်အတွင်း စစ်ရှောင် ၁ သောင်းခန့် ထွက်ပြေး
ဝဏ္ဏခွာညို
·
February 11, 2020
ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ၁ ပတ်ကျော်အတွင်း ကျေးရွာ ၁၁ လောက်ရွာက ဒေသခံ ၁ သောင်းလောက် မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့စလို့ ၁၁ ရက်နေ့အထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ထွက်ပြေးလာနေကြတာလို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းက ကုလားချောင်(အောင်ဇေယျာ) မညှင်းတောင်၊ သမီးလှရွာသစ်၊ သမီးလှရွာဟောင်း၊ ပြိန်းတောကုန်းတန်၊ ပြိန်းတော၊ ဆောက်ခတ်၊ ရေပုတ်၊ ရေစိုးချောင်း၊ အမျက်တောင်၊ ညောင်ပင်လှကျေးရွာအသီးသီးကနေ ထွက်ပြေးလာခဲ့ကြတာလို့ မေယုရင်သွီးလူမှုကယ်ဆယ်ရေး အသင်းမြို့နယ်အလုပ်မှုဆောင် ကိုဘက္ကာက ဒီဗွီဘီကိုပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတာ အကုန် ၁၁ ရွာလောက်ရှိမယ်။ လူပေါင်း ၁ သောင်းနီးပါးလောက်ရှိမယ်။ ရသေ့တောင်စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိလာကြတယ်။ အခုရက်ပိုင်းဆိုရင် အဲ့ဒီကျေးရွာတော်တော်များများ လူတွေမရှိတော့ဘူး။ သူတို့ဆွေမျိုး နီးစပ်ရာတွေကိုလည်း ထွက်ပြေးကြတာရှိတာပေါ့။ အဲ့ဒါတွေကစာရင်းတွေမရောက်ဘူး။”
ရသေ့တောင်းမြို့နယ်ထက်မှာ IDP စစ်ဘေးရှောင်းစခန်း ၁၇ ခုရှိပြီး ဒီရက်ပိုင်းအတွင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကိုတော့ စခန်းတခုစီကို မျှထည့်ထားတယ်လို့ ရသေ့တောင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိအခြေအချိန်မှာ ဒုက္ခသည်တွေကို ရသေ့တောင်မြို့ထက် လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက စုပေါင်းကျေးမွေးထားပေမယ့် လက်ရှိမှာ စစ်ဘေးရှောင်လူဦးရေ များလာတာကြောင့် စားနပ်ရိက္ခာ မလုံလောက်ဘူးလို့ဆိုပါတယ်။
ထွက်ပြေးလာတဲ့ ကုလားချောင်း(ခေါ်) အောင်ဇေယျာကျေးရွာနေ ဦးမောင်နုက ”အရင်က တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာတခါမှ မကြုံဖူးဘူး။ တုန်လှုပ်ချောက်ချား လောက်အောင်ဖြစ်တယ်။ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ အပေါ်ကနေပစ်တယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။ တော်တော်ကိုထိတ်လန့် စရာကောင်းတယ်။ ကျွဲနွားတွေ သေဆုံးတာတွေ၊ လယ်ကွင်းပြင်တွေ အကုန်မီးလောင်တယ်။ ကျနော့်သားလေးဆိုရင် သွေးတောင်ပျက်သွားတယ်။” လို့ ပြောပါတယ်။
ရသေ့တောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “တိုက်ပွဲက အရှိန်မြင့်လာတော့ အရပ်သားထိခိုက်မှုပိုများလာတယ်၊ သေဆုံးမှုတွေလည်းရှိတယ်။” လို့ ပြောပါတယ်။
ရသေ့တောင်မြို့ထက်က တပ်မတော်တပ်ရင်းကုန်းတွေနဲ့ ရေစိုးချောင်းဗျူးဟာကုန်းတွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်တာတွေရှိသလို မယူမြစ်ကမ်းမှာ ရပ်နားထားတဲ့ တပ်မတော်ရေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော်အေအေရဲ့ ထုတ်ပြန်ချက်မှာ ကျောက်တော်၊ ပလက်ဝ၊ မင်းပြား၊ ဘူးသီးတောင်စတဲ့ မြို့နယ်လေးမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းပြင်ထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။