ငွေဆောင်ဟိုတယ်များ ပိတ်မည့်သတင်း သတင်းအမှားဟု တာဝန်ရှိသူများ ပြော
DVB
·
February 11, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းက ငွေဆောင်ကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေ ပိတ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်ပြည်နယ် ဝူးဟန်မြို့က ကိုရိုနာဗိုင်းရပ်စ့် ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာပြီးနောက်ပိုင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်တဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေကို ယာယီပိတ်ထားရတော့မယ်ဆိုပြီး ဖေဖော်ဝါရီလဆန်းပိုင်က စတင်ပျံ့နှံ့လာတာပါ။
ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက “ငွေဆောင်မှာရှိတဲ့ ဟိုတယ်တွေ ယာယီ ပိတ်ထားရမယ်ဆိုပြီး ဌာနဆိုင်ရာ အဆင့်ဆင့်က ညွှန်ကြားထားတွေမရှိသလို ပိတ်ဖို့ အစီစဉ် လုံးဝမရှိပါဘူး၊ ဟိုတယ်တွေ ပိတ်ရတော့မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာဟာ သတင်းအမှားသာ ဖြစ်တယ်” လို့ ပြောပါတယ်။
ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်က တာဝန်ရှိသူ ဦးညီညီအောင်က "မနေ့ကတောင် ဟိုတယ်တွေက တာဝန်ရှိသူတွေနဲ့ ဆုံသေးတယ်၊ မကြားပါဘူး၊ ဌာနဆိုင်ရာတွေကလည်း ညွှန်ကြားထားတာမရှိပါဘူး။ ခုရက်ထဲမှာ ပြည်ထောင်စုဒုဝန်ကြီးလာသွားတုန်းကတောင် ဧည့်သည်တွေပိုဝင်လာဖို့ ဘယ်လိုလုပ်မလဲဆိုတာတောင် အကြံပြုဆွေးနွေးသွားတယ်၊ ဒီရက်ထဲမှာတော့ ဧည့်သည်ပါးသွားတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည့် ဝင်ရောက်တာ နည်းသွားပေမဲ့ မတ်နဲ့ ဧပြီလတွေမှာ နိုင်ငံခြားသားခရီးသွားအဖွဲ့တွေ တည်းခိုဖို့အတွက် ကြိုတင်လက်ခံထားတာမျိုးတွေရှိပြီး ကျောင်းသားတွေ စာမေးပွဲဖြေဆိုပြီး ချိန်မှာ ဧည့်သည်ဝင်ရောက်မှု ပိုတောင်များလာနိုင်တယ်လို့ ဟိုတယ်ဇုန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ငွေဆောင်ကမ်းခြေကို နိုင်ငံခြားသားခရီသွားဧည့်သည် ၇၆၃၆၂ ဦး ဝင်ရောက်ခဲ့ပြီး ဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေမှာ ၈၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ Corona Virus သံသယလူနာ ၁ ဦးအပါအဝင် လူနာ ၂၀ ကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)