Homeမြန်မာသတင်း
တာချီလိတ်တွင် လောင်းကစားရုံများနှိမ်နင်းပြီးနောက် အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်နေ
တာချီလိတ်တွင် လောင်းကစားရုံများနှိမ်နင်းပြီးနောက် အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်နေ
နန်းမြနဒီ
·
February 11, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ သက်ဆိုင်ရာက ကာစီနိုအပါအဝင် လောင်းကစားမှုအမျိုးမျိုးကို ဖမ်းဆီးနှိမ်နင်းနေပြီး တဘက်မှာလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က တောင်ကြီးမြို့မှာ ဌာန ဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး လောင်းကစားမှုပပျောက်ရေး၊ အထူးသဖြင့် တာချီလိတ်ရှိ ဟိုတယ်တွေမှာ လောင်းကစားတွေ တွဲဖွင့်ထားတာကို အရေးယူဖို့ ထောက်ပြသွားခဲ့ပါတယ်။
အဆိုပါလမ်းညွှန်ချက်ကြောင့် ထိုင်းနယ်စပ် တာချီလိတ်မှာ သမ္မတတွေ့ဆုံပွဲအပြီး နေ့မကူးခင်မှာပဲ ကာစီနိုလောင်းကစားရုံတွေနဲ့ ဂိမ်းအမျိုးမျိုးတွေကို ဖမ်းဆီးပိတ်သိမ်းခဲ့ပါတယ်။
လောင်းကစားရုံတွေ ပိတ်သိမ်းတာနဲ့ပတ်သက်ပြီး တာချီလိတ်ဒေသခံ ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်သိန်းက “လောင်းကစားမှုတွေ နှိမ်နင်းတာကောင်းပါတယ်ခင်ဗျ။ မဟုတ်ရင် လူတွေ အကျင့်စာရိတ္တ ပျက်ပြားတယ်၊ တချို့ကလေးတွေဆို ကျောင်းပြေးပြီး ဂိမ်းကစားတော့ မိဘတွေစိတ်ပူရတယ်၊ တချို့က လောင်းကစားဆိုင်သွားပြီး ဆိုင်ကယ်ပြန်ပါမလာတော့ဘူး။ ရှုံးအောင်ကစားလို့၊ လောင်းကစားမှုကြောင့် လင်မယားရန်ဖြစ်တဲ့အမှုတွေလည်း ရုံးမှာ ခဏခဏလာတိုင်ကြတယ်။”လို့ ပြောပါတယ်။
ဒါပေမယ့် တဘက်မှာလည်း လောင်းကစားဖွင့်ထားတဲ့ ဟိုတယ်တွေ ပိတ်သမ်းခံရတာကြောင့် အလုပ်သမားတွေ ထောင်နဲ့ချီ အလုပ်လက်မဲ့ဖြစ်နေကြရသလို တာချီလိတ်မြို့မှာ ရောင်းဝယ် ဖောက်ကား သွားလာ လည်ပတ်မှုတွေလည်း နည်းပါးနေပါတယ်။
“ကျနော်တို့ တာချီလိတ်က နယ်စပ်မြို့လေ၊ ရှင်းရှင်းပြောရင် ထွက်ကုန် သိပ်မရှိဘူး၊ အရောင်းအဝယ်စည်ကားဖို့ဆိုတာ နိုင်ငံခြားသားခရီးသွားတွေလာမှရတယ်။ ဟိုတယ်တွေမှာ လာတည်းတာတော့ နိုင်ငံခြားသားဧည့်သည်တွေ များပါတယ်၊ အခု ဟိုတယ်တွေ အပိတ်ခံရတော့ ဧည့်သည်လည်းမရှိ၊ ဝန်ထမ်းတွေလည်းအလုပ်ပြုတ်၊ ဟိုတယ်အကြီးစားဆိုရင် ဝန်ထမ်းက ချက်ပြုတ်သမား၊ လုံခြုံရေး၊ သန့်ရှင်းရေး၊ ဧည့်ကြို စသဖြင့် ဝန်ထမ်းရာနဲ့ချီခန့်ထားရတယ်။ ဟိုတယ်တစ်ခုကို ဝန်ထမ်း တစ်ရာနှစ်ရာလောက်ရှိတယ်။ တမြို့လုံးဆို ထောင်နဲ့ချီပြီး အလုပ်ပြုတ်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး တက္ကစီတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေလည်း စီးမယ့် သူမရှိ၊ ဈေးထဲမှာလည်း ခြောက်ကပ်ကပ်ဖြစ်သွားတယ်။ အကောင်း ရှိသလို အဆိုးလည်းရှိတယ် ပြောရခက်ပါတယ်ခင်ဗျ။”လို့ ဦးစိုင်းအောင်သိန်းက ပြောပါတယ်။
အခုလို တာချီလိတ်မြို့ကြီး ခြောက်ကပ်နေပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ နိုင်ငံတော် သမ္မတလမ်းညွှန်ချက်အတိုင်း နယ်မြေထဲမှာ လောင်းကစားမှု ပပျောက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုပပျောက်ရေးတွေ ဆောင်ရွက်သွားဖို့ မနေ့မနက်က တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးမှာ အစည်းအဝေးကျင်းပ စီမံချက်တွေ ချမှတ် နေပါတယ်။