Home
မြန်မာသတင်း
မြန်မာလူငယ် စွန့်ဦးတီထွင် အစီအစဉ်အတွက် ကိုယ်စားပြုအဖွဲ့များ မန္တလေးတွင် ရွေးချယ်
DVB
·
February 11, 2020
မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် လူငယ်အသင်း ၄ သင်းကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်း  ရွေးချယ်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ နည်းပညာကဏ္ဍမှာ လူငယ်လုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖိတ်ခေါ်လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်မှာတော့ အကြိုရွေးချယ်မှု ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီပြိုင်ပွဲအတွက် တနိုင်ငံလုံးက ပြိုင်ပွဲဝင်အသင်းတွေထဲကမှ အထက်မြန်မာပြည်အတွက် ၁၅ သင်းနဲ့ အောက်မြန်မာပြည်အတွက် ၁၅ သင်းကို ရွေးချယ်ယှဉ်ပြိုင်စေပြီး အဆိုပါ ပြိုင်ပွဲဝင် အသင်းတွေထဲကမှ စည်းမျဉ်းနဲ့ကိုက်ညီတဲ့ အမျိုးအစားအလိုက် အသင်း ၅ သင်းစီ ရွေးချယ်ကာ နောက်ဆုံးအဆင့် ဆက်လက်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ အသင်း ၁၀ သင်းကို ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၇ ရက်အထိ စခန်းသွင်းလေ့ကျင့်ပေးပြီးမှ နောက်ဆုံး ဆန်ကာတင် ၄ သင်းရွေးချယ်ကာ ဆုကြေးငွေနဲ့အတူ ထောက်ပံ့ပေးမယ်လို့ မြန်မာလူငယ်နည်းပညာစွန့်ဉီးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ ကျင်းပရေး ကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။  “ပံ့ပိုးပေးတာက ကျနော်တို့ ဆုငွေလည်း ချီးမြှင့်တာရှိသလို သူတို့ကို ကုမ္ပဏီတွေလည်း ထောင်ပေးမယ်၊ သင်တန်းတွေလည်း ပို့ချမယ်၊ နောက် သူတို့ လုပ်ငန်းတွေ စလုပ်တဲ့အခါမှာ လိုအပ်တဲ့ ရုံးခန်းတွေ အနေအထားတွေ ဘာတွေကအစ ကျနော်တို့ Kanaung mom Hub မှာ ခြောက်လ၊ သူတို့ကို နေရာတွေ ချထားပေးမှာတွေလည်းရှိတယ်။ သူတို့ရဲ့စိတ်ကူးတွေ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပေါ့နော်၊ သူတို့တွေ ထွက်လာလို့ရှိရင်လည်း ဦးတို့နိုင်ငံမှာ ခု အားထည့်နေတဲ့ E Government အကောင်အထည်ဖော်ရေးတို့၊ နောက် ဒီ computerization လုပ်တဲ့နေရာမှာတို့ အဲ့ဒီနေရာတွေမှာ အထောက်အကူပြုဖို့အတွက်ပေါ့နော်၊ အဲ့ဒါလေး ကျနော်တို့ရည်ရွယ်တာပါ"  လူငယ်တွေရဲ့ အနာဂတ်အတွက် အခုလို ပြိုင်ပွဲမျိုးတွေ၊ ပံ့ပိုးမှုတွေကို ပိုမိုလုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်လို့ ပြိုင်ပွဲဝင် Archer solution အသင်းဝင် ကိုကောင်းထက်ဦးက ပြောပါတယ်။ "အကယ်၍ နိုင်မယ်ဆိုရင် သူတို့က ကုမ္ပဏီတွေနဲ့လည်း ချိတ်ပေးမယ်၊ အဲ့အချိန်ကျရင် ဥပမာ ငွေရေးကြေးရေးမတတ်နိုင်တဲ့သူတွေ သူတို့ချပေးတဲ့ ပိုက်ဆံနဲ့သုံးလို့ရတယ်။ သူတို့ products တခုရအောင် ထုတ်လို့ရတယ်" လို့ပြောပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေဟာ နည်းပညာ၊ လူမှုအဖွဲ့အစည်းဆိုင်ရာ၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစရှိတဲ့ ကဏ္ဍအသီးသီး ပါဝင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အောက်မြန်မာပြည်အတွက် ၅ ဖွဲ့ရွေးချယ်ပွဲကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၅ ရက်ရက်နေ့က ကျင်းပခဲ့ပြီး မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ သတင်း - ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024