ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ပို့စ်တခုတင်ခဲ့သည့် စပါးကွင်းလယ်ကစားသမား ပြန်တောင်းပန်

829
စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီ အလီက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ပို့စ်တခုအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်အလီဟာ Snapchat မှာ ဗွီဒီယိုဖိုင်တခုကို တင်ခဲ့ပြီး ဒီဗွီဒီယိုမှာ သူဟာ ဗိုင်းရပ်စ်အကြောင်းကို ဟာသလုပ်ခဲ့ပြီး အာရှသားတဦးကို နောက်ပြောင်နေပုံရတဲ့ အပြုအမူမျိုး လုပ်ဆောင်ခဲ့တာပါ။
အငြင်းပွားမှုတွေကို ဖြစ်စေခဲ့တဲ့ ဒီဗွီဒီယိုဖိုင်မှာ အလီဟာ နှာခေါင်းစည်းတပ်ပြီး လေဆိပ်တခုမှာသွားနေတဲ့ သူ့ကိုယ်သူ ဗွီဒီယိုရိုက်ခဲ့ပြီး အာရှကလို့ယူဆရတဲ့ အမျိုးသားတဦးဘက်ကို ကင်မရာလှည့်ပြပြီး လက်ဆေးရည်ဘူး တဘူးကို ကင်မရာနဲ့ zoom ဆွဲပြခဲ့ပါတယ်။
“ဒါဟာ ဟာသလုပ်စရာမဟုတ်ပါဘူ။ ကျနော် ဒါကိုသတိပြုမိတာနဲ့ တပြိုင်နက် ဗွီဒီယိုဖိုင်ကို ဖယ်ရှားခဲ့ပါတယ်။ ကျနော့်လုပ်ရပ်ဟာ ကိုယ်တိုင်နဲ့ အသင်းအတွက် သိက္ခာကျစရာ ဖြစ်စေခဲ့ပါတယ်” လို့ အလီက ပြောပါတယ်။
အခုလို တောင်းပန်ခဲ့ပြီးနောက် အလီက တရုတ်နိုင်ငံမှာ ရှိသူအားလုံး ဘေးကင်းရေးအတွက် ဆုတောင်းပေးနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ဝိုင်းဝန်းဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ အလီဟာ ဒီဖိုင်ကို ပြန်ဖျက်ခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာတဝန်းလုံးမှာ ကူးစက်ခံရသူပေါင်း ၄၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ကို ပြင်းထန်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတရပ်လို့ ဗြတိန်အစိုးရက သတ်မှတ်ထားပါတယ်။