Homeမြန်မာသတင်း
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးအပါအဝင် စောင့်ကြည့်လူနာ ၂၀ ဦးထိတိုးလာ
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးအပါအဝင် စောင့်ကြည့်လူနာ ၂၀ ဦးထိတိုးလာ
DVB
·
February 11, 2020
မြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်ညအထိ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ ၁ ဦးအပါအဝင် လူနာ ၂၀ ဦး သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသပေးနေပြီး အားလုံးရဲ့ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်နေတယ်လို့ ကျန်းမာရေးဌာနက ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်မှာ ဖျားနာနေတဲ့ လူနာ ၄ ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ပြီး မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ ဆိုပါတယ်။
မောက်မယ်မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးတို့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ ပြန်ရောက်လာပြီးနောက် ဖျားနာ၊ ချောင်းဆိုးခြင်း စတင်ခံစားနေရလို့ ကျန်းမာရေး၀န်ထမ်းတွေက ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အတူနေ မိသားစုဝင် ၂ ဦးမှာလည်း ဖျားနာ၊ ချောင်းဆိုး ဝေဒနာတွေ ခံစားနေရကြောင်းတွေ့ရှိလို့ လူနာ ၄ ဦးကို စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ်ကာ စောင့်ကြပ်ကြည့်ရှုကုသပေး နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
လူနာတွေကို စစ်ဆေးရာမှာ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ မတွေ့ရှိခဲ့ပဲ အဆိုပါ လူနာတွေရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှ ပြန်ရောက်လာတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးဟာ ဖျားနာ၊ ချောင်းဆိုး၊ လည်ပင်းနာ လက္ခဏာတွေခံစားခဲ့ရလို့ မိုင်းခတ်မြို့နယ်ဆေးရုံမှာ စောင့်ကြပ် ကြည့်ရှု ကုသမှုများပေးနေပြီး သူ့ရဲ့ ဓာတ်ခွဲနမူနာကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမယ်လို့ လည်းသိရပါတယ်။
စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ အသက် (၂၉) နှစ်အရွယ် အမျိုးသမီးတဦးကတော့ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်မနက်က ကိုယ်အပူချိန် မြင့်တက်လာလို့ သီးခြားခန်းမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။