မောင်တောတွင် စိတ်ကြွဆေး ၉ သိန်းကျော် ဖမ်းမိ
DVB
·
February 10, 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ် ၁ စီးအား စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေးပြား ၉ သိန်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်တောမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က မော်တော်ယာဉ်တွေ စစ်ဆေးနေစဉ် လင်းလင်းထွန်း ၂၇ နှစ်နဲ့ အမျိုးသား ၁ ဦး (စိစစ်ဆဲ) မောင်းနှင်လာတဲ့ MDY 5J/xxxx Voxy ယာဉ်က ရပ်တန့်မှုမရှိဘဲ မောင်တောမြို့ဘက် မောင်းနှင်ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အဆိုပါမော်တော်ယာဉ်ဟာ စတီးလှကျေးရွာလမ်းမှာ ရပ်တန့်ကာ လင်းလင်းထွန်းနဲ့အပေါင်းအပါတို့ ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့ဝင်တဦးက BA-72 သေနတ်နဲ့ ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာမှာ လင်းလင်းထွန်းအား ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အလောင်းအား မောင်တောပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၉၁၄၅၅၀ ပြား၊ ဖုန်း ၁ လုံး၊ လင်းလင်းထွန်းအမည်ပါ ယာဉ်အမောင်းသင်(လိုင်စင်) ၁ ခုတို့ သိမ်းဆည်းရမိခဲ့ပါတယ်။
လင်းလင်းထွန်း(သေဆုံး)နဲ့ အမျိုးသား ၁ ဦး(စိစစ်ဆဲ) တို့အား မောင်တောမြို့မရဲစခန်း၊ မယ(ပ) ၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။