တိုက်ရိုက်၊ ထိတွေ့နှင့် လေမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်
DVB
·
February 10, 2020
တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလမ်းကြောင်းတွေထဲမှာ တိုက်ရိုက် ကူးစက်မှု၊ ထိတွေ့မှုကတဆင့် ကူးစက်မှုနဲ့ လေကတဆင့် ကူးစက်မှု ၃ မျိုးစလုံး ပါနေတယ်လို့ ရှန်ဟိုင်း အရပ်ဘက်ဗျူရို ဒုအကြီးအကဲ ဆန်းချွင်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
လေကတဆင့် ကူးစက်မှု ဆိုတာဟာ လေထဲက အမှုန်အမွှားလေးတွေက ဗိုင်းရပ်စ်နဲ့ ရောပြီး အသက်ရှူသွင်းရာကတဆင့် ကူးစက်တာကို ဆိုလိုတယ်လို့ ဆေးဘက်ပညာရှင်တွေက ပြောတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် မိသားစုလိုက် အပြင်ထွက်တာမျိုးမှာ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ သတိထားမိမှုတွေ မြှင့်တင်ကြဖို့ ပြည်သူတွေကို ဆော်သြတယ်လို့ သူက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြောပါတယ်။
တိုက်ရိုက် ကူးစက်မှုဆိုတာ နှာချေ ချောင်းဆိုးနေတဲ့ လူနာနားမှာ နေပြီး လေကို ရှူသွင်းမိလို့ ကူးစက်တာကို ဆိုလိုတယ်။ ထိတွေ့မှုကြောင့် ကူးစက်တယ် ဆိုတာကတော့ လူတယောက်က ဗိုင်းရပ်စ်ပိုး ပါတဲ့ အမှုန်အမွှားတွေ စွန်းထင်းနေတဲ့ ပစ္စည်းတွေကို ထိတွေ့မိတာ ဒါမှမဟုတ် ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့က အမြှေးပါးတွေကို ကူးစက်ရောဂါ ဗိုင်းရပ်စ်က ထိတွေ့တာကနေတဆင့် ကူးစက်တာကို ပြောတာပါ။
အစိုးရကတော့ ဒေသခံတွေ လူစုလူဝေးကို ရှောင်တာ၊ လေဝင်လေထွက် ကောင်းအောင် ပြတင်းတွေ ဖွင့်ထားတာ၊ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာနဲ့ အိမ်တွေ အထူးသဖြင့် တံခါးလက်ကိုင်၊ ထမင်းစားပွဲနဲ့ သန့်စင်ခန်း ထိုင်ခုံတွေကို သန့်ရှင်းရေး ပုံမှန်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။