ရမ်းဗြဲ အန်အယ်လ်ဒီအလုပ်မှုဆောင်ကို ဖမ်းဆီးထားခြင်းမရှိဟု အေအေ ငြင်းဆို
ဝဏ္ဏခွာညို
·
February 9, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးထားခြင်းမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
ရက္ခိုင့်တပ်တော်အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ရမ်းဗြဲမြို့နယ် အန်အယ်လ်ဒီ ဘဏ္ဍာရေးမှူးကို DVB သတင်းဌာနက ဖော်ပြထားတာ တွေ့တယ်။ ကျနော်တို့လည်း အောက်ခြေကို လှမ်းပြီးတော့မေးပြီးပြီ၊ ကျနော်တို့ အေအေဘက်ကတော့ အဲဒီလိုမျိုး ထိန်းသိမ်းထားတာ မရှိဘူး။ ဘယ်သူ ထိန်းသိမ်းထားတယ်။ ဘယ်သူ ဖမ်းသွားတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။
ဦးဇေယျာမင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၆ နာရီလောက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရမ်းဗြဲ အန်အယ်လ်ဒီက ပြောပါတယ်။
ဦးဇေယျာမင်းဟာ ကုလားပုန်းကျေးရွာမှာ သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူတယောက် ဖြစ်ပြီး အခုလို ဖမ်းဆီးခံရတဲ့အပေါ် ရမ်းဗြဲမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ရမ်းဗြဲမြိုနယ် အန်အယ်လ်ဒီ အလုပ်မှုဆောင် အတွင်းမှူး ဦးခင်ရီက ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဘယ်အဖွဲ့က ဖမ်းဆီးထားတာပဲဖြစ်ဖြစ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
“ကျမ ယောကျ်ားကို ဘာပဲဖြစ်ဖြစ် ဘယ်သူတွေကပဲဖမ်းဖမ်း အပြစ်မရှိတဲ့ ကျမ ယောကျ်ားကို အမြန်ဆုံးပြန်လွှတ်ပေးပါ။ ကျမယောကျ်ား ဘာမှ အပြစ်လုပ်ထားတာ မဟုတ်ဘူး။”
မကြာခင်သေးခင်က ရမ်းဗြဲမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ လုပ်ဆောင်ခဲ့တာကြောင့် ဦးဇေယျာမင်းကို ဖမ်းဆီးခေါ်သွားတယ်လို့ ယူဆကြောင်း ဦးခင်ရီက ပြောပါတယ်။
ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့နေရာဟာ ရမ်းဗြဲမြို့နယ်နဲ့ ၁၀ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။