ရခိုင် စစ်ရှောင်အမျိုးသမီးများကို လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုသင်တန်း ပို့ချ
ဝဏ္ဏခွာညို
·
February 9, 2020
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အပါအဝင် မြို့နယ်အချို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ အမျိုးသမီးတွေကို အသက်မွေးဝမ်းကျောင်း သင်တန်းတခုဖြစ်တဲ့ လူသုံးကုန်နဲ့ အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ပို့ချပေးနေတယ်လို့ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာထွန်းက ပြောပါတယ်။
လူသုံးကုန်နဲ့ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှာ ဆပ်ပြာအမျိုးအစားတွေ၊ ခေါင်းလျှော်ရည်နဲ့ အလှကုန်ပစ္စည်းတွေ ဖြစ်ကြတဲ့ စနိုး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စတဲ့ အမျိုးအစား ၂၀ လောက်ကို သင်ကြားပေးနေတာလို့ ဆိုပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့ အပါအဝင် မြို့နယ်အချို့က တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေ စစ်တွေမြို့မှာ ထောင်နဲ့ချီရှိနေတာပါ။ အဲဒီထဲက အမျိုးသမီးသင်တန်းသူ ၂၀ ကို အလှကုန်နဲ့ ဆက်စပ်တဲ့ နည်းပညာကို သင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒီသင်တန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သင်ကြားပို့ချသွားမယ်လို့ သိရပါတယ်။
စာတွေ့၊ လက်တွေ့ သင်ကြားပေးနေတာဖြစ်ပြီး ဒီသင်တန်းကနေ ရလာတဲ့ပညာတွေနဲ့ တနိုင်တပိုင်လုပ်ငန်းလေးတွေ လုပ်ဖို့ ရည်ရွယ်ထားကြတယ်လို့ သင်တန်း တက်ရောက်သူအချို့က ပြောပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့ သင်တန်းသူတွေကို တနေ့ ၃၀၀၀ နှုန်းနဲ့ ထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကို ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လုပ်ပေးတာဖြစ်ပြီး အခုလိုသင်တန်းမျိုးတွေကို ရခိုင်ပြည်နယ်အနှံ့အပြားမှာ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်စလို့ ဒီနေ့အချိန်အထိ လုပ်ပေးနေတာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၁ သိန်း ကျော်လောက် ရှိနေပြီး သူတို့တွေကို အသက်မွေးဝမ်းကျောင်းပညာတခုခု သင်ကြားပေးဖို့ လိုလားနေကြတာပါ။