တိုက်ကြီးတွင် တောဆင်ရိုင်းဖျက်ဆီးမှုကြောင့် ၁ ဦးသေဆုံး၊ တဲအိမ် ၃ လုံး ပျက်စီး
DVB
·
February 9, 2020
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာ စိုက်ပျိုးခြံတွေထဲ ဖေဖော်ဝါရီ ၉ ရက်နေ့က တောဆင်ရိုင်းတကောင် ဝင်ရောက်ခဲ့တာကြောင့် လင့်စင်ပေါ်အိပ်နေတဲ့ အမျိုးသားတဦး သေဆုံးခဲ့ပြီး ခြံစောင့်တဲအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝင်းက "မနက် ၄ နာရီကျော်လောက်က ဆင်က ခြံတွေထဲကိုဝင်လာပြီးဖြစ်တာ။ သေဆုံးတဲ့သူက အဲဒီခြံမှာ ခြံစောင့်လုပ်တဲ့ ဦးသောင်းဝင်း အသက်က ၅၀ လောက်ရှိတယ်။ သူက မကျီးပင်ပေါ်မှာ လင့်စင်ထိုးပြီး တယောက်တည်းနေတာ။ ဆင်က လင့်စင်ထိုးထားတဲ့ ကိုင်းကို ဆွဲချိုးပြီးတော့ လူက လင့်စင်ပေါ်က ပြုတ်ကျတဲ့အချိန်မှာ နင်းသတ်တာ။ ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးတာ။ ဘေးနားက တဲအိမ် ၃ လုံးကိုလည်း ဖျက်ဆီးသွားပြီး မနက် ၅ နာရီကျော်လောက်ပြန်ထွက်သွားတယ်။ ပျက်စီးတန်ဖိုး ၁ သိန်းလောက်ရှိတယ်။ ဆင်ကတကောင်တည်း" လို့ ပြောပါတယ်။
တိုက်ကြီးမြို့နယ် ချင်းကုန်း၊ သနပ်ချောင်းနဲ့ လုံဘူတာ ကျေးရွာအုပ်စုတွေကို နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ရှိပြီး အစာရှာဖွေ စားသောက်ပြီး လူနေအိမ်တွေ၊ စိုက်ခင်းတွေ၊ စိုက်ခင်းစောင့်တဲတွေတွေကို ဖျက်ဆီးတာတွေ ပြုလုပ်နေတာပါ။
၂၀၂၀ ဇန်နဝါရီလကလည်း တောဆင်ရိုင်းတွေ ဝင်ရောက်ဖျတ်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးလောက် ဖျက်ဆီးခဲ့ပြီး တောဆင်ရိုင်းတကောင်လည်း ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
အောင်ချမ်းသာကျေးရွာက စိတ်မနှံ့တဲ့ အမျဒိးသားတဦးလည်း နေအိမ်က ပျောက်ဆုံးသွားပြီးနောက် တောတွင်းတနေရာမှာ တောဆင်ရိုင်းနင်းသတ်တယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေသွယ်