တရုတ်မှပြန်လာသူတဦးကို မောင်တောဆေးရုံတွင် ပြင်ပလူနာအဖြစ် စောင့်ကြည့်
DVB
·
February 8, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နှစ်ဦးအနက် တဦး ဖျားနာနေတဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့က ပြင်ပလူနာအဖြစ် စောင့်ကြည့်နေတယ်လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
"သူကဖျားလည်း ဖျားနေတယ်။ တရုတ်ကပြန်လာသူဖြစ်လို့သာ စောင့်ကြည့်နေရတာဖြစ်တယ်။ ရောဂါလက်က္ခဏာ ဘာမှမတွေ့ရသေးပါဘူး။ သာမန်ရာသီပေါ် တုပ်ကွေးဖျားတဲ့ လက္ခဏာသာ တွေ့ရတယ်။ သူနဲ့အတူ တရုတ်ကပြန်လာသူ နောက်တယောက်ကျတော့ ဘာမှမဖြစ်ဘူး။ ဖျားတဲ့သူက တယောက်တည်းဖြစ်နေတယ်။ လတ်တလောမှာ အဖျားကတော့ တက်လိုက်ကျလိုက်ဖြစ်နေတဲ့အတွက် ပြင်ပလူနာအနေနဲ့ စောင့်ကြည့်နေပါတယ်။"
တရုတ်နိုင်ငံမှ ပြန်လာသူနှစ်ဦးဟာ မောင်တောမြို့နယ် ကံသာယာအထက်ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာပါ။
အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် မူဆယ်လမ်းကြောင်းကနေ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာကြကာ ကျေးရွာရောက်ပြီး ၄ ရက်လောက်အကြာမှ အသက် ၂၃ နှစ်အရွယ် ကိုထွီးသာ ဖျားနာခဲ့တာလို့ အထက်ကံသာယာကျေးရွာသား ကိုသိန်းလှက ပြောပါတယ်။
"ရွာကိုရောက်ပြီး ၄ ရက်အကြာမှာ ကိုထွီးသာက ဖျားတယ်၊ ကိုအတက်မောင် ကျတော့ မဖျားပါဘူး။ ခရီးပန်းလာလို့ဖျားတာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သူတို့က တရုတ်နယ်စပ်မှာသာ အလုပ်လုပ်နေခဲ့ကြတာပါ။ ရောဂါဖြစ်နေတဲ့ မြို့နဲ့လည်း တော်တော်ဝေးတယ်" လို့ ပြောပါတယ်။
အဆိုပါစောင့်ကြည့်လူနာဟာ လက်ရှိမှာတော့ အဖျား တက်လိုက်ကျလိုက်ဖြစ်နေပြီး အဖျားပြတ်မှ စောင့်ကြည့်မှု ရပ်နားပြီး ရွာပြန်ခွင့်ပြုသွားမယ်လို့ မောင်တောခရိုင်ပြည်သူဆေးရုံက သိရပါတယ်။
လင်းလတ်