ကညွတ်ကွင်းမြို့ ဘုန်းကြီးကျောင်းဝင်းအတွင်း နေအိမ်ကို ဘုန်းကြီးတပါးက မီးရှို့
DVB
·
February 8, 2020
ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ကျောင်းထိုင်ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေထိုင်တဲ့ လူနေအိမ်တလုံးကို ဘုန်းကြီးတပါးက မီးရှို့ခဲ့တာကြောင့် နေအိမ်နဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းက မဟာသုဇိတာဘုန်းတော်ကြီး ကျောင်းတိုက်အတွင်းက သွပ်မိုး ဝါးထရံကာ ဝါးကြမ်းခင်း လူနေအိမ်ကို သာသနာဝင်မှတ်ပုံတင်မရှိတဲ့ ဥူးဝိမလ ခေါ် ဝင်းသိန်းက မီးရှိုခဲ့တာလို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။
မီးရှို့ခဲ့သူဟာ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေနေပြီး မြို့နယ်သံဃာနာယက အဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးနေတဲ့ ဥူးဝိမလ (ခ) ဝင်းသိန်းကိုတော့ ကညွတ်ကွင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။