ဝမ်းတွင်းမြို့ မြတ်ညီနောင်ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာနွားပြိုင်ပွဲ ကျင်းပ
DVB
·
February 8, 2020
မန္တလေးတိုင်း ဝမ်းတွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ မြတ်ညီနောင်ဘုရားပွဲတော်မှာ မြန်မာရိုးရာမပျောက်ပျက်အောင် မြန်မာ့ရိုးရာနွားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်ကနေ ၉ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပနေပါတယ်။
နွားပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးထွန်းနိင်က "တောင်သူလုပ်ငန်းသိမ်းချိန်တွေမှာ မြန်မာ့ရိုးရာတခု ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းတဲ့အနေနဲ့ မြန်မာ့ရိုးရာနွားပြိုင်ပွဲ ကျင်းပပေးတာပါ။ ပြိုင်ပွဲဝင်နွားတွေဟာ တန်ဖိုးတက်လာတယ်၊ ပြိုင်ပွဲမှာ အနိုင်ရနွားတွေဆို သိန်းရာဂဏန်းအထိ တန်ဖိုးရှိသွားတယ်။ အခုဆို ယခင်နှစ်တွေထက် ကြည့်ရှုသူတွေ ပိုများလာတယ်၊ နွားပြိုင်ပွဲကို စိတ်ဝင်စားသူတွေ ပိုများလာကြတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မြတ်ညီနောင်ဘုရားပွဲတော် ကျင်းပလာတာ ၅၉ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး မြန်မာ့ရိုးရာ နွားပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့ပါတယ်။
မြန်မာ့ရိုးရာ နွားပြိုင်ပွဲ အမျိုးအစား ၅ မျိုး ကျင်းပတာဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုတွေနဲ့ ပြိုင်ပွဲလာကြည့်သူတွေက ပေးတဲ့ အထူးဆုတွေ ရကြပါတယ်။
ပြိုင်ပွဲတခုကို ပထမဆု ၂ သိန်း၊ ဒုတိယဆု ၁ သိန်းခွဲ၊ တတိယဆု ၁ သိန်း၊ စတုတ္ထဆု ၅ သောင်း၊ ပြိုင်ပွဲ ၅ မျိုးရှိတာကြောင့် ဆုပေါင်း ၂၀ ပေးထားပါတယ်။
ပြိုင်ပွဲဝင်ကြေးကိုတော့ နွားကြီးလှည်း၊ နွားလတ်လှည်း၊ နွားငယ်လှည်းတို့ကို ဝင်ကြေး ၇၀၀၀ ကျပ်နဲ့ နွားငယ်ဗလာကတော့ ၅ ထောင်သတ်မှတ်ထားပါတယ်။
မောင်မောင်လင်း