ဂွမြို့တွင် တောဆင်ရိုင်းနင်းခံရမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး
ဝဏ္ဏခွာညို
·
February 8, 2020
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ဖျားရွာက အသက် ၅၇ ကျော် အမျိုးသားတဦး တောဆင်ရိုင်းနင်းခံရတာကြောင့် သေဆုံးသွားတယ်လို့ ဂွမြို့ ထာဝရမေတ္တာ နာရေးကူညီမှုအသင်းက ပြောပါတယ်။
ရဟိုင်ဖျားရွာက သားအဖနှစ်ဦးဟာ ရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့တောထဲကို ညအိပ်ညနေ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ရာကနေ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖခင်ဖြစ်သူ ဆင်နင်းခံရပြီး သေဆုံးသွားတာလို့ ဂွမြို့ ထာဝရမေတ္တာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုကျော်မြင့်မောင်က ပြောပါတယ်။
“တဲအပြင်ကနေ ခွေးဟောင်သံကြားလို့ အဖေဖြစ်သူထွက်ကြည့်တယ်။ ထွက်တဲ့အချိန်မှာ ဆင်နဲ့တွေ့တယ်လို့ပြောတယ်။ ညဘက် ၉ နာရီလောက်ရှိမယ်။ အဖေဖြစ်သူပြေးဖို့ အချိန်မရ လိုက်ဘူးလို့ ပြောတယ်။ သူ့သားကတော့ ပြေးလို့ရလိုက်တယ်၊ ရွာကိုပြေးလာတယ်။ ရွာသားတွေနဲ့ တောထဲသွားတဲ့အချိန် အဖေဖြစ်သူက ဆင်နင်းထားပြီးတော့ ဦးခေါင်းပြားနေပြီ။”
သူတို့သားဖနှစ်ဦးဟာ ရွာကနေ တောထဲကိုထင်းခုတ်၊ ဝါးခုတ်ဖို့ တညအိပ်၊ နှစ်ညအိပ် သွားရောက်အလုပ်လုပ်နေကြတာလို့ ဥက္ကဋ္ဌကိုကျော်မြင့်မောင်ကပြောပါတယ်။
သေဆုံးသွားတဲ့အလောင်းကိုတော့ ဂွမြို့ဆေးရုံမှာ ခွဲစိတ်မှုတွေ ပြုလုပ်ပြီးနောက် သေ ဆုံးသွားသူရဲ့ ကျေးရွာ ရဟိုင်ဖျားကျေးရွာကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဂွမြို့နယ်မှာ တောဆင်ရိုင်းတွေ ဖျက်ဆီးလို့ လယ်တဲတွေပျက်စီးခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။