ရသေ့တောင်မြို့နယ်တွင် အမျိုးသမီး ၃ ဦး လက်နက်ကျည် ထိမှန်ဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 7, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာနဲ့ ဆောက်ခတ်ကျေးရွာတွေကို ဖေဖော်ဝါရီ ၆ ရက် ည ၆ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။
ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ အမျိုးသမီး ၃ ယောက်ကိုတော့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက စစ်တွေဆေးရုံကို ပို့ဆောင်ကုသပေးထားပါတယ်။ အဲ့ဒီထဲကတယောက်ကတော့ ခြေထောက် တဖက်ကျိုးသွားတာကြောင့် စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ မိသားစုတွေက ပြောပါတယ်။
ရေဘုတ်ကျေးရွာနေ ဒဏ်ရာရရှိခဲ့သူမစိုးတင်မာက “ကျမတို့ အိမ်အောက်မှာ ထိုင်နေကြတာ၊ အဲ့ဒီမှာ ကျမတို့အိမ်ကို လက်နက်ကြီးလာကျတယ်။ အဲ့ဒီမှာ လက်နက်အစတွေက ဝင်သွားတာ၊ အဲ့ဒီမှာဖြစ်သွားတာ၊ ထိခိုက်ဒဏ်ရာရတာကတော့ ကျမ အဒေါ်ရယ်၊ သူမှာ ထိတာကတော့ ခြေထောက်ထိသွားတာ၊ ခြေထောက်အရိုး ကျိုးသွားတယ်။ ကျမ ပေါင်မှာ နည်းနည်းထိခိုက်ဒဏ်ရာရတယ်”လို့ ပြောပါတယ်။
ဒီလိုပစ်ခတ်တဲ့အချိန်မှာ ရွာသားတွေအားလုံးနီးပါး ဗုံးခိုကျင်းထဲကို ဝင်ရောက်ပုန်းခိုနေ ကြပေမယ့် တချို့က ဗုံးတွင်းထဲမှာပုန်းနေဖို့ ထွက်ပြေးရာကနေ လက်နက်ကျည်စ ထိမှန်ခဲ့တာလို့ ဒဏ်ရာရရှိခဲ့သူ မစိုးတင်မာက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ညနေ ၆ နာရီ လောက်ရေဘုတ်ကျေးရွာနဲ့ တမိုင်ခန့်အကွာ ထီးစွဲချောင်းဝမှာရှိနေတဲ့ ရေတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့တာလို့ ကျေးရွာသားတွေကပြောပါတယ်။
ရေဘုတ်ကျေးရွာနေ ဒဏ်ရာရရှိသူနဲ့ ညီမတော်စပ်သူ ဦးကျော်အေးမောင်က “Navy က ပစ်တာပါ။ ရွာမှာကျတော့ ရွာသားတွေ အကုန်ပုန်းနေကြတယ်။ ဒီလိုပစ်တာက နာရီဝက်လောက်ရှိတယ်။ ရွာနဲ့ Navy ကတော့ တမိုင်လောက်သာ ဝေးမယ်။ မြစ်ထဲကနေပစ်တာ၊ ထိခိုက်ဒဏ်ရာကတော့ ကျနော်တို့ရွာက နှစ်ယောက် ရတယ်။ တအိမ်တည်းကနေ ဒဏ်ရာနှစ်ယောက်ရတာ”လို့ ပြောပါတယ်။
တပ်မတော် (ရေ) က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ကျေးရွာ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာ ဖုန်းကိုင်ပေမယ့် တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက်မှာ တပ်မတော်ဘက်က ဖေဖော်ဝါရီ ၄ ရက်မှာ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။