Home
မေးမြန်းခန်း
ပထမဆုံး အန်အယ်လ်ဒီပါတီ ညီလာခံနှင့် ပတ်သက်ပြီး မေးမြန်းချက်
အေးနိုင်
·
March 4, 2013
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားတဲ့သမိုင်းဝင် ရှစ်လေးလုံးလူထုအုံကြွမှုအပြီး စစ်တပ်က အာဏာသိမ်းပြီးစ ပါတီစုံဒီမိုကရေစီစနစ်ကို ခွင့်ပြုခဲ့တဲ့နောက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီဟာ လူထုထောက်ခံမှုရခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အာဏာမလွှဲပေးတဲ့အပြင် အန်အယ်လ်ဒီပါတီရဲ့ ညီလာခံကိုတောင် ကျင်းပခွင့်မပေးဘဲ ပါတီခေါင်းဆောင်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီတွေပြန်လည်မှတ်ပုံတင်ဖို့ အစိုးရဘက်က ထုတ်ပြန်ရာမှာ ပါတီကို မှတ်ပုံမတင်တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်အနိုင်ရခဲ့ပါတယ်။ လာမယ့် ၈ ရက်နေ့စတင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံနဲ့ပတ်သက်လို့ ပါတီပြောခွင့်ရ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပါတီညီလာခံ ပြင်ဆင်ထားမှု နောက်ဆုံးအခြေအနေ ပြောပြပေးပါ။ [caption id="attachment_37049" align="alignright" width="150" caption="ဦးအုန်းကြိုင်"][/caption] “၈၊ ၉၊ ၁၀ ရက်နေ့တွေ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခြံမှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။” စာရင်းအရ ညီလာခံကို ကိုယ်စားလှယ် ဘယ်နှယောက်လောက် တက်မလဲ။ “နောက်ဆုံးရရှိတဲ့ စာရင်းအရ ကိုယ်စားလှယ် ၉၀၀ နီးပါး တက်ပါမယ်။ စာရင်းအတိအကျကတော့ ဒီနေ့မှ နောက်ဆုံးပြုစုမှာမို့ အခုထိတော့ ၈၄၉ အဲလောက်ထိ ရှိပါတယ်။ ဖိတ်ကြားထားသော ပုဂ္ဂိုလ်တွေအပါအ၀င်ဆို ၉၀၀ ပေါ့။” မြို့နယ်ပေါင်း ဘယ်လောက်ရှိမလဲ။ “တချို့ ပြည်နယ်ကြီးတွေဆိုရင် ညီလာခံကို လုံခြုံရေးအရ၊ တချို့လည်း ဖွဲ့စည်းမှု မရှိသေးလို့၊ ပါတီ ညီလာခံမကျင်းပနိုင်တဲ့ မြို့နယ်တွေ ရှိပါတယ်။ အားလုံးပေါင်း မနေ့ကဆွေးနွေးတဲ့အထိ နောက်ဆုံးရတဲ့စာရင်းအရ မြို့နယ်ပေါင်း ၂၅၂ မြို့နယ်လို့ အကြမ်းဖျင်း သိပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းညီလာခံက မနေ့ကမှ ကျင်းပပြီးစီးတော့ နောက်ထပ်ကိုယ်စားလှယ်စာရင်း အဲဒီမြို့နယ်တွေ ရှိနိုင်ပါတယ်။ ၃-၄ မြို့နယ်ထက်တော့ မပိုတော့ပါဘူး။ ၂၆၀ လောက် ဖြစ်မှာပေါ့။” ကျန်တာတွေက ညီလာခံပြီးမှ ဆက်ပြီး စီစဉ်မှာပေါ့။ “ဒီညီလာခံမှာတော့ သူတို့က မကျင်းပရသေးတော့ မမီတော့ဘူး။ သူတို့ဘာသူတို့ ဆက်ပြီး ကျင်းပ ဖွဲ့စည်းပေါ့။” အန်အယ်လ်ဒီပါတီရဲ့ ပါတီဝင် အင်အားကို အကြမ်းဖျင်း ပြောလို့ရမလား။ “ပါတီဝင်အင်အားအရေအတွက်က ၁ သန်းနဲ့ ၃ သိန်းကျော် ရှိပါတယ်။ လွန်ခဲ့တဲ့အပတ် နောက်ဆုံးစာရင်းရရှိမှုအရ ၁၃ သိန်းကျော်ပေါ့။” အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့၊ တိုက်ပွဲတွေ မရပ်စဲသေးတဲ့ ကချင်ပြည်နယ်က ပါတီညီလာခံ အခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြပေးပါ။ “ရခိုင်ပြည်နယ်က ကျနော်ပြောတဲ့ မြို့နယ်ပေါင်း ၃၀၀ ထဲမှာ တချို့ ကျန်နေတဲ့ မြို့နယ်တွေက တပြည်လုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ ညီလာခံ မကျင်းပနိုင်ပါဘူး။ ကချင်ပြည်နယ်မှာလည်း အခုထိ ငြိမ်းချမ်းမှု မရှိသေးတဲ့အတွက် တချို့မြို့နယ်တွေမှာ ပါတီစည်းရုံးမှုလုပ်ငန်းတွေ မလုပ်နိုင်သေးပါဘူး။ ရှမ်းပြည်နယ်မှာဆိုရင်လည်း နေရာကလည်း အလွန်ကျယ်ပြန့်တာကြောင့်၊ လုံခြုံမှုအခြေအနေတွေကြောင့် တချို့မြို့နယ်တွေမှာ မကျင်းပနိုင်သေးပါဘူး။” ညီလာခံမှာ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို အန်အယ်လ်ဒီကနေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ရှိပါသလား။ “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးတဲ့နေရာမှာ ပါတီရဲ့ ရည်ရွယ်ချက်ကိုက စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဆိုတော့ အဲဒီထဲမှာ ပါမှာပါ။” ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲ အနိုင်ရရေးရော အရေးကြီးအချက်တခု အနေနဲ့ ဆွေးနွေးဖို့ ရှိလား။ “ရွေးကောက်ပွဲအတွက် မူဝါဒ ကြေညာစာတမ်းကတည်းက တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အချက်တွေ ပါပါတယ်။ အဲဒီ ဒီညီလာခံမှာ မူဝါဒ ကြေညာစာတမ်းကို ပြည်သူလူထု တရပ်လုံးအတွက် အန်အယ်လ်ဒီပါတီက ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်အဖြစ် ပါတီညီလာခံကြီးက ချမှတ်အတည်ပြုမှာ ဖြစ်ပါတယ်။” ညီလာခံအကြိုကာလမှာ ပါတီတွင်း အောက်ခြေမှာ ရွေးကောက်တင်မြှောက်ပုံနဲ့ ပတ်သက်ပြီး ပြဿနာ အရှုပ်အရှင်းတွေ ကြားရတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ညီလာခံပြီးရင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်ဖို့ ရှိပါသလဲ။ “ကျနော်တို့ ပါတီညီလာခံသက်တမ်း သတ်မှတ်တာတွေ ရှိပါမယ်။ ဗဟိုကော်မတီလည်း အသစ်ပေါ်လာမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လည်း အသစ်ပေါ်လာမယ်။ အဲဒီမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ၊ ဗဟိုကော်မတီတို့က ဒီကိစ္စတွေကို ဘယ်လိုအသေးစိတ်ဆောင်ရွက်သွားမလဲဆိုတာ လမ်းညွှန်မှာပါ။ ကျနော်တို့ အခု တကယ်လေ့လာကြည့်တော့ အချင်းချင်းဆွေးနွေးလို့ ရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ မနေ့က ကော်မရှင်အနေနဲ့ ကျနော်တို့ သေချာစုံစမ်းကြည့်တော့ ဗဟိုကနေဆင်းပြီး ဖြေရှင်းပေးရလာက်တဲ့ မြို့နယ်က တပြည်လုံးမှာ ၂ မြို့နယ်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့ဟာတွေက သူတို့ တိုင်းအလိုက်ပဲ ညှိနှိုင်းဖြေရှင်းပြီး ပြေလည်သွားတဲ့ကိစ္စတွေ ရှိပါတယ်။ ဒါတွေလည်း ဆွေးနွေးတဲ့အထဲမှာ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ပါပါလိမ့်မယ်။” အန်အယ်လ်ဒီပါတီကို တခြားပါတီတခုခု၊ အဖွဲ့အစည်းတခုခုကနေပြီး စိမ့်ဝင်ထိုးဖောက်ပြီး နေရာရယူထားတာမျိုးတွေ လုပ်နေတယ် ဆိုပြီး အောက်ခြေပါတီဝင်တွေက စိုးရိမ်ပူပန်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး ရှိပါတယ်။ အဲအတွက် ဘယ်လို ပြင်ဆင်ထားပါလဲ။ “ကျနော်တို့ ပါတီညီလာခံ ပြန်တမ်းဆိုတာ ဒါပါပဲ။ ညီလာခံတခုနဲ့တခုကြားမှာ ညီလာခံ ပြန်တမ်းကို ဘယ်လိုသတ်မှတ်မလဲ။ အဲဒါက ဖွဲ့စည်းထားတဲ့ မြို့နယ်ကော်မတီတွေကို ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့၊ ဗဟိုကော်မတီတို့က ဒါဘယ်လို ပြင်ဆင်ဖွဲ့စည်းနိုင်သလဲ၊ ဘယ်လိုအခက်အခဲရှိနေတယ်ဆိုတာ အဲဒါတွေက ပေါ်လာမှာပါ။ ကျနော်တို့ ညီလာခံသက်တမ်းတခုအတွင်းမှာ မြို့နယ်ဆိုရင် လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေ ထွက်ပါမယ်။ မြို့နယ်တွေမှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေကို တလတကြိမ် ကျင်းပရမယ်တို့၊ လုပ်ငန်းအစီရင်ခံစာ ပို့ရမယ်တို့၊ ဒါတွေကို ဗဟိုကော်မတီက နောက်ပိုင်း လုပ်တော့မှာပါ။ မြို့နယ်ပါတီစုံညီ ညီလာခံကျင်းပရမယ်တို့၊ ဒီနေ့ရာမှာ အကျေအလည် ဆွေးနွေးနိုင်ပါတယ်။ စိမ့်ဝင်ထိုးဖောက်မှုတွေကိုလည်း အဲဒီမှာ ကျနော်တို့ သေသေချာချာ ပြေလည်ဖို့အတွက် ရည်ရွယ်ချက်တွေ ညှိရင်းညှိရင်း၊ တယောက်နဲ့တယောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရင်းနဲ့ ပြေလည်မှုရပြီး စည်းလုံးညီညွတ်မှုရှိအောင် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လက်ရှိဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသက် ၆၇ ကျော်ပြီဆိုတော့ အခုညီလာခံကြီးကနေ ပါတီဥက္ကဋ္ဌသစ်အတွက် လျာထားတာမျိုး၊ စီအီးစီအသစ်တွေကိုရော လူငယ်မျိုးဆက်သစ်တွေ မွေးဖို့ အစီစဉ်ရော ရှိပါသလား။ “ကျနော်တို့ ပါတီ တရားဝင်မှတ်ပုံတင်ကတည်းက ဥက္ကဋ္ဌက ပါတီကို ဘယ်လိုဖြစ်စေချင်တယ်ဆိုတဲ့ အိုင်ဒီယာတွေ ချပြပါတယ်။ အဲဒီမှာ ပါတီရဲ့ ပထမဦးစားပေးမှာ ဂုဏ်သိက္ခာ၊ ပါတီရဲ့ တကယ့်အနှစ်ပေါ့။ ပါတီရဲ့ တည်ထောင်သူတွေပေါ့။ အဲဒါတွေက ပါတီကို ကြီးကြပ်ကွပ်ကဲပြီး ပါတီရဲ့ ဥသျှောင်တွေအဖြစ်နဲ့ ပါနေရမယ်။ အဲဒီကနေ အခက်အခဲ အမျိုးမျိုးကြားထဲမှာ ဒီပါတီကြီး ဆက်လက်ဦးဆောင်ပြီး သယ်ဆောင်ပေးလာတဲ့ လက်ရှိခေါင်းဆောင်တွေထဲကလည်း ပါရမယ်။ ပြည်နယ်နဲ့တိုင်းအလိုက် တိုင်းရင်းသားတွေလည်း ပါရမယ်။ အမျိုးသမီးတွေ၊ လူငယ်တွေ ပါရမယ်။ အဲဒီဟာအတိုင်း ရွေးချယ်မှုတွေ လုပ်သွားကြမှာ ဖြစ်ပါတယ်။ အခုညီလာခံမှာ ဗဟိုကော်မတီဆိုတာတွေကို အောက်က ရွေးတင်လိုက်တဲ့ ဗဟိုညီလာခံကိုယ်စားလှယ်တွေက ဗဟိုညီလာခံ ကိုယ်စားလှယ်တွေက ဗဟိုကော်မတီဝင်အသစ်တွေကို ရွေးကြမှာပါ။ ဗဟိုကော်မတီဝင်သစ်တွေက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အသစ်ကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကလည်း ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ တနည်းပြောရရင် ပါတီတခုလုံးရဲ့ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်မှာပါ။ ဒါဟာ ပါတီရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် ဥက္ကဋ္ဌလမ်းညွှန်ချက်က စည်းကမ်းတကျ ဖြစ်စေချင်တယ်။ နောက်လာနောင်သားတွေအတွက်ပါ နမူနာ ယူစရာဖြစ်အောင် ညီလာခံမှာ ဆောင်ရွက်ကြပါလို့ ပြောထားပါတယ်။ ဒါဟာလည်း သိပ်ကောင်းတဲ့ လမ်းညွှန်ချက်ပါ။ အဲတိုင်းဖြစ်အောင် ကျနော်တို့က ၀ိုင်းဝန်းကြိုးစားသွားကြရမှာပါ။ ဒါပေမယ့် အခုတကြိမ်ညီလာခံကတော့ ကျနော်ထင်ပါတယ်၊ အခုထိ ကျနော်တို့ပါတီကို ပြည်သူတရပ်လုံးက ထောက်ခံအောင်၊ လူထုကလည်း ချစ်တယ်၊ ပါတီဝင်ထုကလည်း တခဲနက်ထောက်ခံတဲ့ ပုဂ္ဂိုလ်ကတော့ ကျနော်တို့ဥက္ကဋ္ဌပဲဖြစ်တယ်။ ဒါကတော့ ဆက်ပြီးတော့ သူ့ကို ဥက္ကဋ္ဌအဖြစ်နဲ့ သူ့ကိုပဲရွေးမှာကတော့ မလွဲပါဘူး။ ဒါပေမယ့် ဒါက အစဉ်အလာပေါ့။ နောင် ဘယ်လိုလုပ်ကြ သွားကြမလဲဆိုတာကို သူက လမ်းညွှန်ပြီး စနစ်တကျလုပ်သွားကြမှာဖြစ်တယ်။” ၂၄ နှစ်တာဖြတ်သန်းတဲ့ကာလမှာ ပါတီညီလာခံမပြောနဲ့ အစည်းအဝေးလုပ်တာတောင် အဖမ်းအဆီးထောင်ကျ၊ နှစ်ရှည်ထောင်တွေချခံရတော့ အခု ရက်ပိုင်းအတွင်း ညီလာခံလုပ်တော့မယ်။ ခေတ် ၂ ခေတ်ရဲ့ ကွာခြားချက်လေးကို အကျဉ်းချုပ်ရှင်းပြပေးပါ။ “ညီလာခံဖြစ်လို့ ၈၉ တုန်းကလည်း ၁ ကြိမ်ကျင်းပဖူးတယ်။ အဲတုန်းက ဘယ်လောက် အခက်အခဲဖြစ်လဲဆိုတော့ အဲတုန်းက ၂/၈၈ ဆိုတာရှိတယ်။ လူ ၅၀ ထက်ပိုမစုရဆိုတော့ အဲတုန်းက ရပ်ကျေးညီလာခံလုပ်တော့ ပါတီဝင်ထုက ၁၀၀ ကျော်လောက်ရှိတော့ အစည်းအဝေးတခုထဲကိုပဲ ၃ နေရာလုပ်ရတယ်။ ဖြစ်အောင်လုပ်ခဲ့ရတယ်။ မြို့နယ်အစည်းအဝေးဆိုရင် ၄ နေရာလောက်ခွဲလုပ်ရတယ်။ တက်တဲ့ကိုယ်စားလှယ်က ၁၅၀ လောက်ရှိတော့ ၅၀ မကျော်ရဆိုတော့ ခက်ခက်ခဲခဲကြားထဲလည်း ရုန်းကန်ခဲ့တဲ့ ပါတီဖြစ်တယ်။ အခုကတော့ လွတ်လပ်ပွင့်လင်းတဲ့အချိန်ရောက်ပြီ။ ပါတီဝင်တွေကလည်း အရမ်းတက်ကြွတယ်။ ပါတီမှတ်ပုံတင်လိုက်ပြီ။ စာစောင်တွေလည်း ရှိတဲ့အခါ၊ ဆိုင်းဘုတ်တင်တာတွေ ရုံးအသစ်တွေအပြိုင်အဆိုင်ဖွင့်ကြတော့ ပြည်သူလူထု တအား အားတက်လာတယ်။ ပြည်သူလူထု စိတ်ဓာတ်အရမ်းတက်ကြွချိန်မှာ လုပ်ရတဲ့ ညီလာခံဖြစ်တယ်။ ဝေဖန်ပြောဆိုမှုတွေလည်း ပွင့်ပွင့်လင်းလင်းဖြစ်လာတယ်။ ကိုယ့်အချင်းချင်းလည်း ဝေဖန်ကြတယ်။ ဒါက ဒီမိုကရေစီအစဉ်အလာတွေ စကျင့်သုံးလာရတာပဲ။ ထူးခြားတယ်လို့ပြောချင်ပါတယ်။ ပါတီတွင်းမှာလည်း တကယ်ကိုပဲ လူကြီးတွေရဲ့ဆန္ဒအတိုင်း လူသစ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း လက်ခံတယ်။ လူထုပါတီဖြစ်အောင်လုပ်ရမယ်။ ပြည်သူ့ပါတီဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ဆရာ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လမ်းညွှန်ချက်အတိုင်း သေချာ လုပ်ခဲ့ကြတာဖြစ်တယ်။ ပြည်သူလူထုရဲ့ ဘ၀လည်း တိုးတက်လာတော့ စပြီးတော့ ညီလာခံတွေလုပ်ခဲ့ကတည်းကိုက ဒီမိုကရေစီအနံ့အသက်တွေနဲ့ ဒီမိုကရေစီ ကျင့်သုံးပုံတွေ တကယ်ကို တက်တက်ကြွကြွရှိလာတယ်။ လန်းလန်းဆန်းဆန်း ပွင့်ပွင့်လင်းလင်းရှိလာတယ်လို့ ပြောချင်ပါတယ်။ ” တခြား ဘာများပြောချင်တာရှိပါသေးလဲ။ “ကျနော်တို့ကို ထောက်ခံခဲ့တဲ့၊ အခက်အခဲ အကျပ်တည်း ကာလအတွင်းမှာ ထောက်ခံခဲ့တဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကိုလည်း ဒီညီလာခံကြီး အောင်မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024