တိမ်မြုပ်နေသည့် တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ ကျင်းပ
DVB
·
February 7, 2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်က ကောင်းမှုလုန်စေတီတော် ဗုဒ္ဓပူဇနိယပွဲမှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲကို အခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပပါတယ်။
ကောင်းမှုလုန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးနှစ်တကြိမ်ပြုလုပ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပတာပါ။ အဲ့ဒီပွဲတော်မှာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲတွေ၊ တိုင်းခမ်းတီရိုးရာ လှေပြိုင်ပွဲတွေ၊ မြင်းပြိုင်ပွဲတွေ ထည့်သွင်းကျင်းပ လာတ အခုဆိုရင် ဒုတိယအကြိမ်ရှိပြီလို့ သိရပါတယ်။
အခုနှစ်မှာလည်း ဒေသခံတိုင်းရင်းသားတွေပိုင်တဲ့ ဆင်တွေနဲ့ ရိုးရာဆင်အပြေးပြိုင်ပွဲ ထည့်သွင်းကျင်းပတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောဝ်နွဲ့ထွန်းနိုင်က ပြောပါတယ်။
တိုင်းခမ်းတီရိုးရာနဲ့ ပွဲတော်တွေကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့တာလို့ သိရပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ဆင် အကောင် ၂၀ ပါ၀င်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမယ့် ၁၇ ကောင်ပဲ ပြိုင်ပွဲ၀င်နိုင်ခဲ့တာပါ။ မြင်းကတော့ ၁၀ ကောင်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။ ဆုကြေးတွေအနေနဲ့ကတော့ ဆင်ပြိုင်ပွဲ ပထမဆုအတွက် ၅ သိန်းချီးမြှင့်မယ်လို့ သိရပါတယ်။
အခုနှစ်ကျင်းပတဲ့ ကောင်းမှုလုံစေတီပွဲတော်ဟာ နှစ်ပေါင်း ၂၃၂၀ ပြည့်နှစ်ပွဲတော်ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်ကျင်းပတဲ့အခါမှာ စေတီတော်ရဲ့ မူလ ဘုရားဒကာတွေရဲ့ ဆွေမျိုးတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံဘက်က တိုင်းခမ်းတီလူမျိုးတွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ တိုင်းခမ်းတီ မျိုးနွယ်စုတွေ၊ မိုးညှင်းမိုးကောင်း၊ မူဆယ်၊ နမ့်ခမ်း၊ ရှမ်းပြည်နယ်အပါအ၀င် မြန်မာပြည်အနှံ့က ရှမ်းတိုင်းရင်းသားတွေ လာရောက်ပူဇော်ကြတယ်လို့ သိရပါတယ်။
အခုပွဲတော်ကို တိုင်းခမ်းတီမိသားစု အလှူငွေနဲ့ ကျင်းပတာဖြစ်ပြီး ငွေကျပ်သိန်း ၁၂၀၀ ကျော်အသုံးပြုကျင်းပမယ်လို့ သိရပါတယ်။
ဇော်မိုးထက် (ဖားကန့်)