မော်တင်စွန်းဘုရားပွဲတွင် ကိုရိုနာဗိုင်းရပ်စ်မကူးဆက်စေရန် စောင့်ကြည့်စစ်ဆေးမည်
DVB
·
February 7, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ မော်တင်စွန်းဘုရားပွဲကို ကိုရိုနာဗိုင်းရပ်စ့်ရောဂါကူးစက်ခံရမှုမရှိစေရေး ကြိုတင်ကာကွယ်တာတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းကျန်းမာရေးစီးဌာနက ပြောပါတယ်။
ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက် စတင်ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ့်ရောဂါပိုးတွေ့ရှိသူ မရှိသေးတာကြောင့် ပုံမှန်ကျင်းပသွားမှာဖြစ်သလို ရောဂါကူး စက်မှုအနည်းဆုံးဖြစ်ဖို့ ကြိုတင်စီမံဆောင်ရွက်ထားတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
“ဘာသာရေးပွဲတော်ဖြစ်တော့ ကျနော်တို့ ပိတ်လို့မရပါဘူး။ ဒေသခံပြည်သူတွေ အမြတ်တနိုး ထားတဲ့ပွဲလည်းဖြစ်သလို ပြန်တမ်းဝင်ပွဲလည်းဖြစ်ပါတယ်။ အကုန်လုံးတော့ စီစဉ်ထားပါတယ်၊ ရောဂါကူးစက်မှု အနည်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။”
ဒီနှစ်ကျင်းပမယ့် ဘုရားပွဲမှာတော့ လူအများ မစုရုံးနိုင်စေဖို့ ဇာတ်ပွဲ မထည့်ထားပေမယ့် ဘုရားရှိခိုးဖို့အတွက်တော့ ကန့်သတ်မထားပါဘူး။
ဒါ့အပြင် ၂၄ နာရီဖွင့်မယ့် ဆေးခန်းတွေနဲ့ လက်ဆေးလို့ ရတဲ့နေရာတွေထားရှိမှာဖြစ်ပြီး နှာခေါင်းစည်း Mask တွေဝေတာ၊ ဖျားတဲ့လူနာရှိရင် ချက်ချင်း ပုသိမ်ဆေးရုံကြီး ပို့လို့ရအောင် အရေးပေါ်လူနာတင်ယာဉ်တွေ စီစဉ်ထားတယ်လို့ ပြောပါတယ်။
မော်တင်စွန်းဘုရားပွဲဟာ ၁ လလောက်ကြာမှာဖြစ်လို့ အဲဒီကာလမှာ ရောဂါအခြေအနေ ပြောင်းလဲခဲ့ရင် ပြောင်းလဲသလို ရက်ချုံ့ကာ အကျဉ်းချုံးကျင်းပသွားဖို့ သာသနာရေးဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဒေါက်တာ သန်းထွန်းအောင်ကပြောပါတယ်။
အလားတူ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းခရီသွားတွေများတဲ့ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာ ဟိုတယ်လုပ်ငန်းရှင်များအသင်းနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတို့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အသိပညာပေးဟောပြောတာတွေ၊ ပညာပေး စာစောင် ကပ်တာ၊ နိုင်ငံခြားသားဧည့်သည် တည်းခိုစဉ် ဖျားနာမှုဖြစ်ပွားပါက တာဝန်ရှိသူတွေကို အမြန်ဆုံးသတင်းပို့ဖို့ မှာကြားထားတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနကသိရပါတယ်။
မော်တင်စွန်းဘုရားပွဲကို ၂၀၁၅ ခုနှစ်မတိုင်ခင် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့် ကျော် ၁ ရက်ထိ ၁၅ ရက်ကြာပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကစလို့ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ၁ လကြာ ကျင်းပခဲ့တာပါ။
မင်းထက်မုန်း (ပုသိမ်)