လီဗာပူးအသင်း ချန်ပီယံလိဂ်လူစာရင်းတွင် ဂျပန်တိုက်စစ်မှူး မီနာမီနိုပါဝင်လာ 

Getty Images
အက်သလက်တီကိုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မတိုင်ခင် လီဗာပူးနည်းပြ  ယာဂန်ကလော့ဟာ ကစားသမားသစ်မီနာမီနိုကို ချန်ပီယံလိဂ်လူစာရင်းထဲ ပေါင်းထည့်ခဲ့ပါတယ်။  ဂျပန်လက်ရွေးစင်ကစားသမားဟာ ပြီခဲ့တဲ့ဇန်နဝါရီလက ရက်ဘူးဆဲလ်ဘတ်အသင်းကနေ လီဗာပူးအသင်းကို ပေါင် ၇  ဒသမ ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။  မီနာမီနိုဟာ လက်ရှိအချိန်အထိ လီဗာပူးအသင်းနဲ့  လေးပွဲ ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ အခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ မှာ ရက်ဘူးအသင်းကို ကိုယ်စားပြုကစားထားခဲ့ပေမယ့် လီဗာပူးလ်အသင်းအတွက် ၁၆ သင်းအဆင့် မှာ ကစားခွင့်ရရှိထားပြီးဖြစ်ပါတယ်။  လက်ရှိအချိန်အထိ မီနာမီနိုဟာ လီဗာပူးည်းပြ ယာဂန်ကလော့ သဘော  ကျလောက်နိုင်တဲ့ စွမ်းဆောင်ရည်တချို့ကို ပြသထားပြီးဖြစ်ပေမယ့် ဂျပန်တိုက်စစ်မှူးကတော့ လက်ရှိ ခြေစွမ်းအပေါ် အားရကျေနပ်မှုမရှိသေးဘူးလို့ ဝန်ခံပါတယ်။  “မန်နေဂျာက ကျနော့်အပေါ်ယုံကြည်မှု အပြည့်ရှိတယ်လို့ ခံစားရပါတယ်။ ဒါ့ကြောင့် ကျနော် သူ့အတွက်ပြန်ပြီးတော့ ပေးဆပ်ကစားလိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်လက်ရှိ စွမ်းဆောင်ရည်ကို အားမရသေးပါဘူး။ ဒါ့ကြောင့် ကျနော့်အပေါ‌ေ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် ကြိုးစားသွားပါမယ်လို့ မီနာမီနိုကပြောပါတယ်။  “ကျနော်စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်အမြဲတမ်း တွေးနေမိတာက အသင်းနဲ့ဘယ်လိုမျိုး အမြန်ဆုံးအံဝင်ပြီးတော့ ကစားပွဲတွေမှာ ပါဝင်ရမလဲဆိုတာပါပဲ။ ဒီအတွက်လည်း ကျနော့်မှာ ဖိအားဆိုတာမျိုး ရှိမနေပါဘူး။ ကျနော့်အပေါ် ဘယ်လိုမျိုး မျှော်လင့်ထားကြလဲ မသိပေမဲ့ ကျနော့်အတွက်ကတော့ ဘာမှဆုံးရှုံးသွားစရာမရှိပါဘူး။ ကျနော်က တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပေမယ့် လက်ရှိအခြေအနေမှာ နောက်ခံအစွန်လူတွေနဲ့ ချိန်ဆတ်ဖို့ အားနည်းချက်တွေရှိနေတုန်းပါပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ ပိုကောင်းတဲ့ နားလည်မှုတွေ တည်ဆောက်နိုင်တယ်ဆိုရင် ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်လိမ့်မယ်ဆိုတာ သေချာပါပဲ။”  ချန်ပီယံလိဂ်အတွက် ၂၅ ယောက်လူစာရင်းမှာ မီနာမီနိုကို ထည့်သွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီတုန်းက ခေါ်ယူထားတဲ့ လူငယ်နောက်ခံလူ ဆက်ဗန်ဒန်ဘာ့ဂျ်ဟာ ချန်ပီယံလိဂ်လူစာရင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။  ဗန်ဒန်ဘာ့ဂျ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာကစားခဲ့တဲ့ ရှရီဘူရီအသင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျောအဖြစ် အက်သလက်တီကိုအသင်းကို လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အန်ဖီးလ်မှာ မတ် ၁၁ ရက်နေ့ ကစားရမှာဖြစ်ပါတယ်။       

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up