ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသူ ၄ ဦး ဆေးရုံကဆင်း
DVB
·
February 7, 2020
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသူတွေထဲက ၄ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၁၀ ဦးကို မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေတဲ့အထဲက ၄ မှာ ရောဂါပိုးမတွေ့ရှိသလို ကျန်းမာရေးအခြေအနေ ကောင်းမွန်လို့ သက်ဆိုင်ရာဆေးရုံတွေကနေ ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲပိုင်းမှာ ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။
အဆိုပါ ၄ ဦးကတော့ လွိုင်ကော် ပြည်သူ့ဆေးရုံမှ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦးနဲ့ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
အဆိုပါ လူနာ ၄ ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့က ရည်ညွှန်းဓာတ်ခွဲခန်းမှပြန်ကြားလာခဲ့တယ်လို့ လည်း သိရပါတယ်။
ဆေးရုံမှဆင်းခွင့်ပြုချိန်မှာ လူနာတွေကို ကျန်းမာရေးပညာပေးခြင်းနဲ့ လိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို ပြန်လည် ဆက်သွယ်ဖို့ မှာကြားခဲ့ကြောင်းနဲ့ ကျန်လူနာတွေရဲ့ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက် အရ သိရပါတယ်။
ဓာတ်ပုံ- MOH&S