အနိမ့်ဆုံးလုပ်အားခ ယခုနှစ်မေလအထိ ပြင်ဆင်နိုင်ဖွယ်မရှိသေး
DVB
·
February 6, 2020
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုပ်သားတွေရဲ့ အခြေခံလုပ်အားခကို လာမယ့်မေလအတွင်း ပြင်ဆင်သတ်မှတ် နိုင်ဖွယ်မရှိဘူးလို့ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ကော်မတီဝင် အလုပ်သမားကိုယ်စားလှယ် ဦး၀င်းဇော်က ပြောပါတယ်။
လုပ်သားတွေရဲ့လုပ်ခတိုးမြှင့်သတ်မှတ်တာကို အနည်းဆုံးအခကြေးငွေဥပဒေအရ ၂ နှစ် တကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမယ့် လက်ရှိချိန်ထိ အမျိုးသားအဆင့်အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီအနေနဲ့ အစည်းဝေးခေါ်ယူတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့် အလုပ်သမားအဖွဲ့စည်းတွေကတော့ အလုပ်သမားတယောက်ရဲ့ လူနေမှုကုန်ကျ စရိတ်ငွေကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ အကြားရှိတယ်လို့ သူတို့ကောက်ခံထားတဲ့ စစ်တမ်းတွေ အရပြောပါတယ်။
တနိုင်ငံလုံးရှိ ပုဂ္ဂလိကလုပ်သားတွေရဲ့တနေ့ ၈ နာရီ အနိမ့်ဆုံးအခြေခံလုပ်ခ သတ်မှတ်ချက်ကို ပထမအကြိမ်မှာ ၃၆၀၀ ကျပ်၊ ဒုတိယအကြိမ်မှာ ၄၈၀၀ ကျပ် အဖြစ် သတ်မှတ်ပေးထားပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ်မေလမှာတော့ ဥပဒေအရ သတ်မှတ်ကာလ ၂ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန်အမီ ပြင်ဆင်သတ်မှတ် မပေးနိုင်ဘူးဆိုရင်တော့ အလုပ်သမားဆန္ဒပြပွဲတွေ များလာနိုင်တယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
သတင်း- ဇာခြည်