၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိဟု ကော်မရှင်ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 6, 2020
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူဦးရေဟာ ၃၇ သန်းကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။
“ကျင်းပမယ့်ရက်ကလည်း မသေချာသေးတဲ့အတွက် ဒါက အခုလက်ရှိ အချိန်အထိကောက်ခံရရှိထားတဲ့ စာရင်းပေါ့၊ ကျင်းပခါနီးရက်သတ်မှတ်ပြီးမှဖြတ်ရမှာ။ ဒါက ဖြစ်နိုင်တဲ့ အတိုင်းအတာ တခုကို ပြောပြတာပါ”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
ကော်မရှင်က လက်ရှိကောက်ခံရရှိထားတဲ့ စာရင်းတွေအရ အသက် ၁၈ ပြည့်ပြီး မဲပေးခွင့်ရှိသူဦးရေဟာ ကချင်ပြည်နယ်မှာ ၁၀ သန်း၊ ကယားပြည်နယ်မှာ ၂ သိန်း၊ ကရင်ပြည်နယ်မှာ ၁၀ သိန်းကျော်နဲ့ ချင်းပြည်နယ်မှာ ၃ သိန်းကျော်ရှိပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄ သန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁၁ သိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးမှာ ၃ သန်း ၇ သိန်းကျော်၊ မကွေးတိုင်းဒေသကြီးမှာ ၃ သန်းကျော်၊ မန္တလေးတိုင်းဒေသကြီးမှာ ၄ သန်းခွဲကျော်နဲ့ မွန်ပြည်နယ်မှာ ၁ သန်း ၇ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာ ၁ သန်း ၆ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၅ သန်း ၆သိန်းကျော်၊ ရှမ်းပြည်နယ်မှာ ၃ သန်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ သန်းကျော်နဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာတော့ ၈ သိန်းကျော်ရှိပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ အတိအကျ သတ်မှတ်ထားခြင်းမရှိသေးပေမယ့် ဥပဒေမှာ ပြဋ္ဌာန်းချက်အတိုင်းအဆိုရင် လွှတ်တော်သက်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်းကျင်းပရမှာ ဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် လွှတ်တော်သက်တမ်းဟာ ၄ နှစ်ကို ကျော်လွန်လာပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ၅ နှစ် သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။