ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး အပါအဝင် ၁၀ ဦးဆီကနေ နှာခေါင်းတို့ဖတ် နမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရည်ညွှန်းတဲ့ ထိုင်းနိုင်ငံ ဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတဲ့အနက် လူနာ ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိတဲ့ လူနာ ၄ ဦးကတော့ တရုတ်နိုင်ငံ စီချွန်ကနေ လာရောက်ပြီး ကျိုးတုံဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက် ၁ နှစ် ၂ လအရွယ် မိန်းကလေးငယ် တဦး၊ တိုင်ပေကနေလာရောက်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ၁၅ နှစ်အရွယ် ယောကျ်ားလေး တဦး၊ လွိုင်ကော်ဆေးရုံက မြန်မာနိုင်ငံသား အသက် ၂နှစ် ၂ လအရွယ် မိန်းကလေးငယ်တဦးနဲ့ ကွမ်ကျိုးက ရောက်လာပြီး နေပြည်တော်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသား တဦးတို့ ဖြစ်ကြပါတယ်။
ကျန်တဲ့လူနာတွေရဲ့ ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေတွေကို ရရှိရင် ဆက်လက် သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း ကျန်းမာရေးဌာနက ဆိုပါတယ်။
ပုဂ္ဂလိကဆေးရုံတခုကနေ ဝေဘာဂီဆေးရုံကိုလွှဲတဲ့ ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား တဦးနဲ့ လှိုင်သာယာဆေးရုံကနေ ဝေဘာဂီဆေးရုံကို ကိုယ်တိုင်လာခဲ့တဲ့ ၃၂ နှစ်အရွယ် တရုတ်အမျိုးသားတို့ကတော့ ဖျားနာတာမရှိတော့ပေမယ့် သူ့တို့ရဲ့ နှာခေါင်းတို့ဖတ် နမူနာကို ထိုင်းနိုင်ငံအမျိုးသား ဓာတ်ခွဲခန်းကို ပေးပို့ထားပြီး အဖြေကို မသိရသေးဘူးလို့ဆိုပါတယ်။
ရန်ကင်းကလေးဆေးရုံမှာတော့ ဖေဖော်ဝါရီ ၅ ရက်မနက်က ဖျားနာတာကြောင့် ဆေးရုံလာပြတဲ့ အသက် ၂ နှစ်အရွယ်ကလေးနဲ့ သူရဲ့မိခင်မှာလည်း အပူချိန်အနည်းငယ် ရှိနေတာကြောင့် စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။
ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က "ရန်ကင်းကလေးဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်နဲ့ လူနာ ၂ ဦးကို ကုသနေတာကို သက်ဆိုင်ရာဆေးရုံကအ ကြောင်းကြားထားပါတယ်။ လက်ရှိမှာ ကလေးကဖျားနေတော့ မိခင်နဲ့လည်းခွဲထားမရတော့ သူတို့ ၂ ဦးကို ရန်ကင်းဆေးရုံမှာပဲ ခုတော့ကုသတာပေးနေတာပါ။ အကယ်၍ ကလေးရောအမေရော အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေပေါ်လာပြီး ပြင်းထန်လာရင်တော့ ဝေဘာဂီဆေးရုံကို လွှဲပြောင်းကုသပေးဖို့ အကြောင်းကြားချက် ရထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာကျောင်းသား ၅၉ ဦးကို တရုတ်နို်ငငံကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေကြောင်းလိုင်းက လေယာဉ်အမှုထမ်း ၅ ဦး ကိုလည်း ဖျားနာမှုရှိမရှိ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ပေးနေပါတယ်။
ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းအထိ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူပေါင်း ၂၈၂၇၅ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး သေဆုံးသူဦးရေ ၅၆၅ ဦး အထိရှိလာသလို လူနာပေါင်း ၁၁၆၉ ဦး ကုသပျောက်ကင်းသွားပါတယ်။
မေစု