Home
မြန်မာသတင်း
မိုရီဆာကီဝင်း၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်တို့ ဖျော်ဖြေကြမည့် ဂျပန်-မြန်မာပွဲတော်ကျင်းပမည် (ရုပ်သံ)
DVB
·
February 6, 2020
       နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂျပန်-မြန်မာပွဲတော်ကို အခုလာမယ့် ဖေဖော်ဝါရီလ ၉ ရက် နေ့ ရန်ကုန်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။        အခုနှစ် ကျင်းပတဲ့ ပွဲတော်ဟာ မြန်မာနိုင်ငံမှာ ၆ ကြိမ်မြောက်အနေနဲ့ ကျင်းပတာ ဖြစ်ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပသွားမှာပါ။        "ဂျပန်-မြန်မာ တောက်ပတဲ့အနာဂတ်ဆီသို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှုတွေကို ရှေးရှုဖော်ကျူးပြသမယ့် ပွဲတော်ဖြစ်ပြီး ပရိ သတ်အချစ်တော် အဆိုတော်သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့ ဖြူဖြူကျော်သိန်း၊ နီနီ ခင်ဇော်၊ ဆိုဖီယာ၊ Project K စတဲ့ နာမည်ကြီး တေးသံရှင်၊ အနုပညာရှင်တွေအများကြီး ပါဝင်ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီပွဲတော်အတွက် ရည်ရွယ်ရေးစပ်ထားတဲ့ ‘တကယ်လို့(MOSHIMO)’ လို့ အမည်ပေးထားတဲ့ သီချင်းကိုတော့ တေးရေး Hirahara Ayaka က ရေးစပ်ပေး ထားခဲ့ ပြီး မိုရီဆာကီဝင်းနဲ့ ဂျပန်အမျိုးသမီး အဆိုတော် Hirahara Ayaka တို့က စုံတွဲသီဆိုကြ မှာ ဖြစ်ပါတယ်။        အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျပန်အမျိုးသမီး အဆိုတော် Hirahara Ayaka ဟာ ဂီတနောက်ခံရှိတဲ့ မျိုးရိုးက ဆင်းသက်လာသူတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူဟာ ဆက်ဆိုဖုန်း ဂီတပညာရှင်တယောက်ဖြစ်ကာ အဖိုးဖြစ်သူကတော့ ထရမ်းပက် ပညာရှင်တဦးဖြစ်ပြီး အစ်မဖြစ်သူကလည်း ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။ အဝင်းလို့ မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မိုရီဆာကီဝင်းကတော့ ဂျေပေါ့ပ်တေးဂီတအဖွဲ့ PrizmaX အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။ သီချင်းတွေဆိုသလို သရုပ်ဆောင်တာတွေလည်း လုပ်နေတဲ့ မိုရီဆာကီဝင်းဟာ ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘Ready Player One’ ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်တဲ့ ‘ဇာတိမြေ’ရုပ်ရှင်မှာလည်း ပါဝင်သ ရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ‘တကယ်လို့(MOSHIMO)’သီချင်းကတော့ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ‘အိပ်မက်တွေ မိုးထားတဲ့အိမ်’ထဲက ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းသွား မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024