Homeမြန်မာသတင်း
ဆေးရုံကဆင်းပြီးပြန်လာသူ အမျိုးသမီးကို ရွာထဲဝင်ခွင့်မပြုသဖြင့် လပွတ္တာဆေးရုံ၌ ခေါ်ယူစောင့်ကြည့်
ဆေးရုံကဆင်းပြီးပြန်လာသူ အမျိုးသမီးကို ရွာထဲဝင်ခွင့်မပြုသဖြင့် လပွတ္တာဆေးရုံ၌ ခေါ်ယူစောင့်ကြည့်
DVB
·
February 6, 2020
ကချင်ပြည်နယ်၊ လွယ်ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ်။
ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။
ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။
"အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို ၁၄ ရက်လည်း ကျော်နေပါပြီ၊ ရွာက အဝင်မခံလို့ ဆေးရုံကြီးမှာခေါ်ပြီးစောင့်ကြည့်ပေးထားတာပါ။ အဲ့အမျိုးသမီးက ခုခံအားနည်းနေတာလည်းပါတာပေါ့၊ သံသယရှိတဲ့ လူနာတော့မဟုတ်သေးပါဘူး၊ စောင့်ကြည့်နေပါတယ်"
လူနာဟာ လွယ်ဂျယ်ဆေးရုံကဆင်းကာ လပွတ္တာမြို့ကို ပြန်ရောက်ရှိချိန်မှာ ၁၆ ရက် ရှိပြီဖြစ်တာကြောင့် သံသယရှိလူနာလို့ သတ်မှတ်လို့မရဘဲ လပွတ္တာမြို့မှာ ပျံ့နှံ့နေတဲ့သတင်းတွေဟာ သတင်းအမှားသာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
လူနာကို သူနေထိုင်တဲ့ကျေးရွာရှိလူတွေက ရွာထဲပေးမဝင်ပဲ မြို့ထဲမှာ မဟုတ်မှန်တဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတာကြောင့် ဆေးပညာနဲ့ပတ်သက်ပြီး လူထုကို အသိပညာပေးဟောပြောတာတွေပြုလုပ်သွားဖို့ရှိတယ်လို့ ဒေါက်တာ နှစ်ဆန်းဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ အဲဒီအမျိုးသမီးကို လပွတ္တာ ၃ မိုင်ကုတင် ၂၀၀ ဆေးရုံကြီးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်နေပြီး ထူးခြားမှုရှိရင် ဝေဘာဂီ အထူးကုဆေးရုံကြီးကို လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ မြို့နယ်ကြက်ခြေနီအသင်း ကပြောပါတယ်။
"အဲ့အမျိုးသမီးပုံစံကြည့်ရတာ ချောင်းဆိုးနေပြီး အားနည်းနေတဲ့ပုံစံဖြစ်နေတယ်၊ ခုတော့ ဆေးရုံကြီးကို ခေါ်လာပြီးတော့ သီးသန့်ဆောင်မှာ ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ စောင့်ကြည့်နေပါတယ်" လို့ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျန်ကီးက ပြောပါတယ်။
သတင်း- မင်းထက်မုန်း၊ ဓာတ်ပုံ - စိုးသီဟမင်း၊ အရှင်ပညာလောက (ကရုဏာမျက်ဝန်း)