Home
မြန်မာသတင်း
မိန့်ခွန်းပြောခွင့်မပြုသဖြင့်  ချင်းအမျိုးသားနေ့ပွဲမတက်ဟု ချင်းအမျိုးသားတပ်ဦးပြော
DVB
·
February 5, 2020
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာကျင်းပမယ့်  ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ မိန့်ခွန်းပြောကြားခွင့်မပေးတာကြောင့် အခမ်းအနားတက်ရောက်မှာမဟုတ်ဘူးလို့ ချင်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ဖြစ်ပြီး ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့မှာ ကျင်းပသွားဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ချင်းအမျိုးသားတပ်ဦးအနေနဲ့ တက်ရောက်မိန့်ခွန်းပြောဖို့ တောင်းဆိုခဲ့ပေမယ့် ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ ခွင့်မပြုခဲ့တာကြောင့် အခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်ဘူးလို့ ထန်တလန်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ပူးရာလ်နှင်က  ပြောပါတယ်။ "ကျနော်တို့ တောင်းဆိုတာကလည်း ငြိမ်းချမ်းရေး အသီးအပွင့်မို့လို့ အစိုးရနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေ အတူတကွ အလုပ်လုပ်တယ်စည်းလုံးမှုရှိတယ်။ နားလည်မှု ရှိတယ်။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ်အတူတူ လုပ်တယ်ဆိုတာ လူထုရှေ့မှာ မြင်စေချင်တာ။ အခုလို ဘေးဖယ်ထားတော့ သိပ်ပြီးတော့ ကောင်းတဲ့အလာအလာ မဟုတ်ဘူး။ ဒီအဆင့်မှာ ပြည်ထောင်စုကို အကြောင်းပြ ပြီးတော့ ကျနော်တို့ကို တားမြစ်တာတော့ သိပ်ပြီးတော့ မဖြစ်သင့်ဘူး။ ပြည်နယ်အဆင့် အစိုးရ အတွက်လည်း သိက္ခာနည်းနည်းကျတယ်လို့မြင်တယ်" လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးစိုးထက်က "ခွဲခြားတာလည်း မရှိဘူး။ အခု ဖိတ်တဲ့အထဲမှာ နိုင်ငံတော် အကြီးအကဲတွေရော ပြည်တွင်းပြည်ပက ချင်းတွေရော အိန္ဒိယနိုင်ငံက ချင်းပြည်နဲ့ နီးစပ်တဲ့ မီဇိုရမ် ပြည်နယ်က ဝန်ကြီးချုပ်တွေကိုလည်း ဖိတ်တယ်။ အားလုံးကို ဖိတ်တဲ့အတွက်ကြောင့် ချင်း အမျိုးသားအားလုံးကို ပါဝင်စေချင်တယ်။ သူတို့ကိုလည်း ပါဝင်စေချင်တယ်။ ဒါပေမဲ့ မြို့နယ်ကိုးခု ကနေတမြို့ကိုတဦး ရွေးချယ်ထားတဲ့ သဘာပတိအဖွဲ့ဝင် ကိုးဦးထဲက သဘာပတိတဦးက မိန့်ခွန်းပြောတာနဲ့ နိုင်ငံတော်အကြီးအကဲတဦးကပြောတာ နှစ်ခုထဲပါတဲ့အတွက် ကျနော်တို့ သူတို့ကိုမပြောခိုင်းတာပါ။ ဒါတော့ သူတို့ နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အတွင်းမှာ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။  အရင်အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့ပွဲတော်တိုင်းမှာ ချင်းအမျိုးသားတပ်ဦးအနေနဲ့ မိန့်ခွန်းတက်ရောက် ပြောကြားခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာတော့ ချင်းအမျိုးသားတပ်ဦးကို မိန့်ခွန်းပြောကြားခွင့် မပြုခဲ့တာပါ။ သတင်း- ငြိမ်းသူမင်း(ကလေးမြို့)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024