Homeမြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သည့်နေရာများ၌ ပညာပေးပိုမိုလုပ်ဆောင်မည်
ဧရာဝတီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သည့်နေရာများ၌ ပညာပေးပိုမိုလုပ်ဆောင်မည်
DVB
·
February 5, 2020
ဧရာဝတီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ကူးစက်နိုင်ခြေ အများဆုံးရှိတဲ့ နေရာဒေသတွေမှာ အသိပညာပေးလုပ်ငန်းတွေ ပြုလုပ်သွားဖို့အတွက် စီစဉ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအနေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေ၊ ကူးစက်နိုင်ခြေအများဆုံးရှိတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကတဆင့် ကလေးတွေကို အသိပညာပေးဖို့ စီစဉ်ထားတယ်လို့ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနရုံးမှာ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီး မီဒီယာတွေကို ပြောဆိုခဲ့တာပါ။
လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က “လူစုလူဝေးရှိတဲ့နေရာတွေမှာ ဗွီနိုင်းတွေကပ်ဖို့နဲ့ အသိပညာပေးလက်ကမ်းစာတွေကို ပြန့်ပြန့်နှံ့နှံ့ဝေသွားဖို့နဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အောက်ခြေထိရောက်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ သာမန်ပြည်သူတွေက သိသော်ငြားလည်း မလိုက်နာတာတွေ ရှိတယ်။ နောက်တချက်က သိကိုမသိဘဲနဲ့ မကာကွယ်နိုင်တာတွေရှိတယ်။ အဲ့တာကြောင့် အခြေခံလူတန်းစားတွေကို အတွင်းကျကျ အသိပညာပေးတာတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စက အရေးပါတယ်”လို့ ပြောပါတယ်။
အခြေခံလူတန်းစားတွေကို အတွင်းကျကျ အသိပညာပေးနိုင်ဖို့အတွက် မြို့ပေါ်ကျောင်းတွေထက် ကျေးရွာလေးတွေမှာရှိတဲ့ ကျောင်းတွေကို ဗွီနိုင်းပိုစတာတွေ ပိုပြီး ပေးဖို့လုပ်ထားပြီး ဆရာ/ဆရာမတွေကတဆင့် ကလေးတွေကို အသိပညာပေးဖို့နဲ့ တိုင်းအတွင်းမှာရှိတဲ့ ကောလိပ်တွေကမှာလည်း အသိပညာပေး ဟောပြောကာ ပြည်သူတွေကြားထဲအထိ ပျံ့နှံ့အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာလည်း အသိပညာပေးဟောပြောတာတွေ နဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားဖို့ရှိပြီး နိုင်ငံခြားသား ဝင်ထွက်မှုတွေကိုလည်း လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကော်မတီနဲ့ သက်ဆိုင်ရာ ဝန်ကြီးနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း အထည်ချုပ်လုပ်ငန်း ၁၆ ခုကို မအူပင်၊ ပုသိမ်၊ မြောင်းမြတို့မှာ ဖွင့်လှစ်ထားရှိပြီး ပုသိမ်စက်မှုမြို့တော်မှာတော့ စက်မှုဇုန် ၄ ခုရှိပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက စတင်ကာ ပုသိမ်မြို့လူစည်ကားတဲ့နေရာတွေမှာ အလှူရှင်တွေရဲ့ ပူးပေါင်းလှူဒါန်းပါဝင်မှုနဲ့ နှာခေါင်းစည်း ၁ သိန်းကို ဧရာဝတီဦးမိုးကြီးပရဟိတ အသင်းနဲ့ ရှစ်လေးလုံး အင်အားစုတို့ ပူးပေါင်း ဝေငှနေကြပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)