ဖျာပုံမြို့နယ်တွင် နေအိမ်မီးလောင်ပြီး အဘွားအို ၁ ဦး သေဆုံး
DVB
·
February 5, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက် မနက်က နေအိမ်တလုံးမီးလောင်ပြီး အသက် ၈၄ နှစ်အရွယ် အဘွားအိုတဦး မီးလောင်သေဆုံး သွားပါတယ်။
မနေ့မနက် ၆ နာရီခွဲလောက်က ရွာလယ်ပိုင်းမှာရှိတဲ့ အဘွားအို ဒေါ်သန်းညွန့်နေအိမ်ကနေ မီးခိုးတွေထွက်နေလို့ အိမ်နီးချင်းကျေးရွာသူရွာသားတွေက သွားရောက်ကြည့်ရှုရာ နေအိမ်အိပ်ခန်း အတွင်း အိပ်နေတဲ့ ဒေါ်သန်းညွန့်ရဲ့ ခန္ဓာကိုယ်နဲ့ အိပ်ယာတွေ၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ မွေ့ယာတို့မှာ မီးလောင်နေကြောင်းတွေ့ရှိတာကြောင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှာ မနက် ၇ နာရီ လောက်က မီးငြိမ်းသွားခဲ့ပေမယ့် ဒေါ်သန်းညွန့်ကတော့ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
မီးလောင်သေဆုံးခဲ့တဲ့ ဒေါ်သန်းညွန့်ဟာ အသက်အရွယ်အိုမင်းကာ လမ်းမလျှောက်နိုင်တဲ့ အတွက် ဒရွတ်တိုက်ဆွဲသွားလာနေရပြီး ကျေးရွာက စောင့်ရှောက်ထားသူ ဖြစ်ပါတယ်။
ဒေါ်သန်းညွန့်ဟာ ဆေးလိပ်သောက်တတ်သူဖြစ်ပြီး သူ့ရဲ့အိပ်ယာအနီးမှာလည်း ဆေးလိပ် မီးစွဲလောင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ကျုံကဒွန်းနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
သတင်း - ကျော်စိုးမိုး