Home
မြန်မာသတင်း
ထိုင်းက ၀ပ်ဆိုင်မွန်း မြန်မာကျောင်းထိုင်ဆရာတော် အန္တိမဈာပန ၃ ရက် ကျင်းပမည်
အေးနိုင်
·
March 1, 2013
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းရဲ့ ဦးစီးပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာသဘ သက်တော် ၉၁ နှစ် သိက္ခာတော် ၇၁ ၀ါရဲ့ အန္တိမဈာပနပွဲကို ၀ပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ လာမယ့်မတ် ၈ ရက်ကနေ ၁၀ ရက်နေ့ အထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီးက တရားချီမြှင့်မှာဖြစ်သလို ဇာတ်မင်းသား မန္တလေးသိန်းဇော်တို့အဖွဲ့ကလည်း လာရောက် ပူဇော်မှာဖြစ်သလို ထိုင်းဆရာတော်တွေက တရားတော်တွေ ရွတ်ဖတ်ကြမယ်လို့ ယာယီကျောင်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇင်းဦးပဏ္ဍိတက မိန့်ပါတယ်။ “၈ ရက်နေ့ကို ထိုင်းဆရာတော်တွေက လာရောက်ရွတ်ဖတ်ဖို့ ရက်တောင်းတဲ့အတွက် သူတို့ကို အဲဒီရက်ပေးလိုက်တယ်။ ၉ ရက်နေ့ညကျတော့ မြန်မာနိုင်ငံက သီတဂူဆရာတော်ဘုရားကြီး တရားလာရောက်ချီးမြှင့်မယ်။ ဆရာတော်ကြီးရဲ့ တရားပွဲပေါ့။ ၁၀ ရက်နေ့ နောက်ဆုံးနေ့မှာတော့ ဆရာတော် ဘဒ္ဒန္တ အာသဘရုပ်ကလာပ်ကို ဧယင်ကျူးပြီး အနုပညာသမားတွေကပူဇော်ပြီး ကရ၀ိတ်ကြီးနဲ့ ရုပ်ကလာပ်ကို သုသာန်ကိုထုတ်ပြီး မီးသင်္ဂြိုဟ်မှာဖြစ်တယ်။” ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ပျံလွန်တော်မူသွားတဲ့ဟာ ဆရာတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်းရဲ့ ၁၀ ပါးမြောက် ကျောင်းထိုင်ဖြစ်ပြီး သူပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်အသစ် မတင်ရသေးပါဘူး။ ဆရာတော်ပျံလွန်တော်မူပြီးနောက် ထိုင်းဆရာတော်တွေ ကျောင်းထိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ထိုင်းရောက်မြန်မာတွေ ရာနဲ့ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြလို့ ကျောင်းမထိုင်ဖြစ်ခဲ့ပါဘူး။ အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် ၀ပ်ဆိုင်မွန်းကျောင်းကို ကြွလာတဲ့  သီတဂူဆရာတော်ဘုရားကြီးက မြန်မာတွေအနေနဲ့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်း စောင့်ရှောက်သင့်တယ်ဆိုတာကို မိန့်ကြားခဲ့ပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် လာရောက်တုန်းက ဒီကျောင်းကို မြန်မာကျောင်းအဖြစ် အစဉ်အဆက်ထားရှိဖို့ဆိုတာ ပြောဆိုတဲ့အကြောင်းနဲ့ ဒီကျောင်းမှာ မြန်မာဆရာတော်တွေ အစဉ်အဆက်ဖြစ်ဖို့ ပထမ၊ ဒုတိယနဲ့ တတိယ ကျောင်းထိုင်တွေ အစဉ်အဆက် ချထားပြီး ဆက်လက်ထိန်းသိမ်းဖို့ ပြောသွားကြောင်းနဲ့ ထိုင်းဆရာတော်တွေဝင်ဖို့က သိသလောက် မရှိတော့ကြောင်း ဦးပဏ္ဍိတက မိန့်ကြားပါတယ်။ ဆရာတော်ရဲ့ အန္တိမဈာပန ပြီးဆုံးတဲ့အခါ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြီးမှူးပြီး ကျောင်းထိုင်ခန့်ရေးကိစ္စ အစပျိုးလုပ်ဆောင်မယ်လို့ ဦးပဏ္ဍိတက မိန့်ပါတယ်။ “သံရုံးကနေ ဦးစီးပြီးတော့ ကျောင်းထိုင်နာယကအဖြစ် တရားဝင်တင်မြှောက်မယ့် ဆရာတော်လည်း သံရုံးက လျာထားပြီးပြီ ပြောတယ်။” ၀ပ်ဆိုင်မွန်းကျောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်တုန်းက မြန်မာဘုရင် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးက  ဆီရန်ဘုရင့်နိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် တည်ထားခဲ့တာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024