စာမေးပွဲအချိန် မူလအတိုင်းပြန်သတ်မှတ်ပေးလိုက်သော်လည်း ဗကသကျောင်းသားများ ဆက်လက် ဆန္ဒပြ
Aung Aung Naing
·
February 4, 2020
အခြေခံပညာ ကျောင်းစစ်စာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲမတိုင်ခင် အရင်အတိုင်း ပြန်စစ်ဆေးဖို့ ပညာရေးဝန်ကြီးက သဘောတူလိုက်ပေမယ့် မန္တလေးပညာရေးကောလိပ်ကျောင်းမှာ ဗကသကျောင်းသားတွေ ဦးဆောင်ပြီး ဒီနေ့ ဆက်လက်ကန့်ကွက်ဆန္ဒထုတ်ဖော်ကြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ကိုသက်မောင်မောင်က “မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကိစ္စကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ရပ်ဆိုင်းမှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပေမယ့် တရားမဝင် စာထွက်လာတာ မဟုတ်တာကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။ ကျနော်တို့ကျောင်းသားထုအနေနဲ့ တဆင့်ချင်း တဆင့်ချင်းအမြင့်ဆုံး အထိ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးတာကို ချက်ချင်းရပ်၊ အာဏာရှင်ဆန်တဲ့ ပညာရေး ပြောင်းလဲမှု အလိုမရှိ၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ ကျောင်းသား/ ကျောင်းသူများရဲ့ လွတ်လပ်ခွင့်ကို ဖိနှိပ်မှု ချက်ချင်းရပ်စတဲ့ ကြွေးကြော်သံတွေနဲ့ မန္တလေးပညာရေးကောလိပ်ကျောင်းအတွင်း ကျောင်းသူကျောင်းသား ၁၀၀ လောက်က လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကျောင်းစစ်စာမေးပွဲတွေကို နောက်ဆုတ်ပြီး စာသင်ချိန်တိုးမယ့်အစီအစဉ်ကို ကျောင်းသားတွေနဲ့ ဆရာတွေက အပြင်းအထန် ကန့်ကွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတို့ မနေ့က လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စာမေးပွဲကျင်းပမယ့်အချိန်တွေကို အရင်အတိုင်း ပြန်သတ်မှတ်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
၂၀၁၉-၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲတွေကို အရင်အတိုင်း မတ်လဆန်းမှာ ပြန်လည်ကျင်းပဖို့နဲ့ ယခင်ညွှန်ကြားချက်တွေကို ပယ်ဖျက်ဖို့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အခြေခံပညာဦးစီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် နေ့စွဲနဲ့ ပြည်နယ်နှင့် တိုင်းတွေရှိကျောင်းတွေကို ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
Photo - Kaung Zaw Hein / MPA