Home
ဆောင်းပါး
ငန်းတော်ကျား 
DVB
·
February 4, 2020
ကျနော်ငယ်ငယ်က ကြားဖူးတဲ့မြွေပုံပြင်တွေက အတော်များပါတယ်။ အငြှိုးကြီး အဆိပ်ပြင်းတဲ့ မြွေတွေအကြောင်းကို ကာလသားကြီးတွေက လသာသာညတွေမှာ ရွာဦးကျောင်း စင်္ကြံအုတ်ခုံမှာ ပြောလေ့ရှိပါတယ်။ မြွေဟောက်အမေတကောင်က သူ့ဥတွေကို ယူသွားတဲ့ ရွာသားနောက်ကို အနံ့ခံလိုက်ပြီး မိသားစုအားလုံးကို ပေါက်သတ်တဲ့ ဇာတ်လမ်းမျိုး။ အဆိပ်ပြင်းတဲ့ မြွေဟောက်မက သူ့အဖော်မြွေဟောက်ထီးကို သတ်သွားတဲ့ တံငါသည်တယောက်ရဲ့ ခြေရာကို ပေါက်လိုက်တာ တံငါသည်က သူ့အိမ်မှာပဲ မြွေဆိပ်တက်သေသွားတဲ့ ဇာတ်လမ်းမျိုး။ မြွေဖမ်းသမားတယောက်ဟာ မြွေပွေးမတကောင်ကိုသတ်ပြီး ဂုန်နီအိတ်ထဲထည့်၊ အိမ်ကို ကျောပိုးပြန်အလာမှာ မြွေပေါက်ကလေးတွေက အမေ့မြွေပွေးမရဲ့ဗိုက်ကနေ ထွက်လာ ပါးစပ်ကနေ ထွက်လာပြီး မြွေဖမ်းသမားကို နောက်ကျောက တကျစ်ကျစ် ကိုက်။ အဆိပ်တက်လာမှ မြွေဖမ်းသမားလည်း သတိထားမိတော့ အိမ်မရောက်ခင် လမ်းမှာပဲ သေသွားတဲ့အကြောင်း။ အစုံပါပဲ။ မြွေတွေထဲမှာ မြွေပွေးက အကောင်လိုက် ပေါက်တယ်လို့ မှတ်သားပါတယ်။ (မြွေဟောက်နဲ့ မြွေပွေး ကျနော် အမှတ်မှားနိုင်ပါတယ်)။ သားပေါက်တွေကို ဥက ပေါက်တာ မဟုတ်ဘဲ အကောင်လိုက် အန်ထုတ်တဲ့ အဲဒီမြွေပွေးမျိုးဟာ တခါတည်း အကောင် ဒါဇင်ချီ မွေးတတ်ပါတယ်။ ဒါပေမဲ့ မွေးပြီးပြီးချင်းမှာပဲ မိခင်မြွေပွေးမကြီးက တကောင်ချင်းကို လိုက်စားပါတယ်။ လွတ်သွားတဲ့ အကောင်ပေါက်တွေလောက်ပဲ ရှင်တယ်လို့ ဆိုပါတယ်။  ဒီလိုဆိုတော့ ဒါဝင်ရဲ့ သီအိုရီအတိုင်းပေါ့။ ရှင်သန်ဖို့ ရုန်းကန်ရတာပေါ့လေ။ စစ်တိုက်တော်တဲ့ ရှေးခေတ် စပါတာတွေလို ငယ်ငယ်ကတည်းက အကြမ်းပတမ်း လေ့ကျင့်တာမျိုးပေါ့။ အခုထိလည်း တချို့လူမျိုးစုတွေက မွေးကင်းစကလေးကို ကျန်းမာအောင်လုပ်တဲ့ ရိုးရာလုပ်နည်းတွေ ရှိပါတယ်။ ဆေးပညာအရ မှားယွင်တာမျိုးလည်း ရှိပါတယ်။  မြွေအကြောင်းဆက်ရရင် မြွေဟောက်က နားထိုင်းတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒေါသကြီးတတ်တယ်။ ရန်သူနဲ့ ရင်ဆိုင်တဲ့အခါ ပါးပျဉ်းထောင်ပြီး တရှူးရှူး မှုတ်ပါတယ်။ ကြောင်တကောင် အစာနင်နေတဲ့အခါ အာခေါင်ခြစ်တာနဲ့ တူပါတယ်။ နားလေးပေမယ့် မြန်ချက်က ယင်ကောင်တောင် မလွတ်ပါဘူး။ မြွေပွေးကတော့ သွေးအေးပါတယ်။ ပါးပျဉ်းလည်း မထောင်ပါဘူး။ ဒါပေမဲ့ အဆိပ်ပြင်းတာကြောင့် ကြောက်စရာကောင်းပါတယ်။ ကြားဖူးနားဝ ပုံပြင်တွေကြောင့် ပိုတောင်ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီမြွေတွေ အဆိပ်ပြင်းတယ်ဆိုတာ ငန်းတော်ကျားကို မမီပါဘူး။ ငန်းတော်ကျားဆိုတာ မြွေဘုရင်ပါ။ ကျနော်တို့ကြည့်ဖူးတဲ့ ဟိန္ဒီရုပ်ရှင်တွေမှာလို မြွေဘုရင်မက လူယောင် ဖန်ဆင်းတတ်သလားလို့ ကျနော်ငယ်ငယ်က တွေးဖူးပါတယ်။ ငန်းတော်ကျားက မြွေသူတော်ကောင်းလို့ ဆိုရပါမယ်။ ဘယ်သူ့ကိုမှ ရန်မူလေ့မရှိပါဘူး။ ဒါပေမဲ့ အခန့်မသင့်လို့ ပေါက်ရင်လည်း ဆေးမရှိဘူး ဆိုကြပါတယ်။ ရောင်စုံအကွက်တွေ ဖုံးထားတဲ့ ကိုယ်လုံးနဲ့ အတော်လှတဲ့မြွေပါ။ ငြိမ်ငြိမ်လေး ခွေနေတတ်ပြီး၊ သွားလာရင်လည်း ဆင်မယဉ်သာ သွားတာ တွေ့ဖူးပါတယ်။ မြွေဟောက်လို ပါးပျဉ်းလည်းမထောင်၊ မြွေဟောက်လို ရန်မူတဲ့ပုံလည်း မပြပါဘူး။ လယ်ထဲမှာ ငန်းတော်ကျားရှိရင် အေးချမ်းတယ်။ တခြား အဆိပ်ပြင်းမြွေတွေ မနေတဲ့အတွက် လယ်သမားတွေက ငန်းတော်ကျားကို သတ်ဖို့ဝေးလို့၊ မတော်တဆ ထိမိတာမျိုး ဖြစ်မှာစိုးတဲ့အခါ လေးလေးစားစား ပြောပြီး နေရာပြောင်းခိုင်းပါတယ်။ မြွေကလည်း စကားနားလည်တဲ့အလား အသာတကြည် ထွက်သွားတတ်ပါတယ်။  ငန်းတော်ကျားကို မရိုက်ကြ၊ မသတ်ကြတဲ့အကြောင်းထဲမှာ သူ့ကိုယ်ပေါ်က အပြောက်အကွက်တွေနဲ့ ဆိုင်ပါတယ်။ လူပြောသူပြော ပါးစပ်ပုံပြင်အရ သူ့အကွက်တွေက အဆိုး အကောင်း၊ ဆင်းရဲ ချမ်းသာ၊ ကျန်းမာခြင်း ရောဂါထူခြင်း စသဖြင့် ရှိတယ် ဆိုပါတယ်။ ကိုယ်ရိုက်မိတဲ့ အကွက်အတိုင်း ကိုယ်ခံရမယ်လို့ ဆိုပါတယ်။ ငန်းတော်ကျားက မြွေသူတော်ကောင်း မြွေဘုရင်ဖြစ်လို့ သူက အလိုရှိရင် တခြားမြွေတွေက သူ့အစာအဖြစ် သူ့ပါးစပ်ထဲ အလိုလို အလိုက်တသိ ဝင်ပေးကြတာကို မျက်စိနဲ့ မြင်ဖူးသူလည်း ရှိတယ်လို့ ဆိုကြပါတယ်။ ပြန်စဉ်းစားကြည့်တော့ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ စပါးကြီးမြွေတွေက သားကောင်ကို ညှို့တာလည်း ဒီသဘောမျိုး ဖြစ်မှာပါ။ အကောင်အရွယ်အရ စပါးကြီးက အကြီးဆုံးဖြစ်ပေမယ့် သူက ရေမြွေလို အဆိပ်မရှိပါဘူး။ အင်အားကြီးလို့ သားကောင်ကို အရိုးတွေချေပြီး မျိုနိုင်တယ်။ နိုင်ငံခြားရုပ်ရှင်ထဲက မြွေတွေက အသိဉာဏ်လည်းမြင့်၊ အရွယ်ကကြီး အဆိပ်ကပြင်းသေး ဆိုတော့ ပိုကြောက်စရာပေါ့။ လောကနီတိမှာ မြွေကို မြေခွေးလို ကောက်ကျစ်တဲ့ပုံရိပ်ကို ဖော်ပါတယ်။ 'သူက မြွေပဲ' 'မြွေဟာက်လို မိန်းမ' စသဖြင့် ပြောကြပါတယ်။ ဒါပေမဲ့ ဟိန္ဒီရုပ်ရှင်တွေမှာ မြွေကို ဇာတ်လိုက်ထားကြပါတယ်။ သူတို့မှာ မြွေဘုရား ရှိပါတယ်။ မြန်မာတွေဆီက နဂါးဇာတ်လမ်းတွေမျိုးနဲ့ ဆင်မယ် ထင်ပါတယ်။ မြန်မာတွေရဲ့ နဂါးပုံပြင်တွေက ဘုရားရာဇဝင်တွေမှာ တွဲနေတတ်ပါတယ်။ လူယောင်ဖန်ဆင်းတတ်ပါတယ်။ ဇာတ်ပွဲတွေ နတ်ပွဲတွေမှာပဲ မြင်ရပါတယ်။ အပြင်မှာ မြင်ချင်တယ်ဆိုရင် ဘုရားပွဲတွေမှာ နဂါးသိုက်က ဝင်ပူးပြီး လူးလိမ့်နေတာမျိုးတော့ ရှိပါတယ်။ ကျိုက်ထီးရိုးဘုရား ရာဇဝင်မှာ နဂါးဥတွေ၊ နဂါးဇာတ်လမ်းတွေ လွမ်းဆွတ်ဖွယ် ပါဝင်ပါတယ်။ အခုခေတ်ကလေးတွေတော့ ဒါတွေ ကြားဖူးဖို့ မလွယ်ပါဘူး။ ယုံမယ်လည်း မထင်ပါဘူး။ ကျနော်တို့ငယ်ငယ်က မြွေပုံပြင်တွေကို ပြောပြရင် အခုခေတ် ကလေးတွေ စောဒကတက်ကြပါလိမ့်မယ်။  လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျိုက်ထီးရိုးဘုရား သွားတဲ့လမ်းမှာ 'ဤအပင် နတ်ကြီးသည်' လို့ ရေးထား’တာတွေ ဖတ်ရပါတယ်။ အခုတော့ သစ်တပင် ထောင် ဘယ်နှနှစ်၊ ဒဏ်ငွေ ဘယ်လောက်ရေးမှ ရတော့တာမျိုးပါ။ ဒီအကြောင်းနဲ့ တဆက်တည်း ငန်းတော်ကျား ဆိုတဲ့ မြွေနဲ့ပတ်သက်တဲ့ ပုံပြင်တွေကို ပြန်သုံးသပ်ကြည့်ပါတယ်။ ငန်းတော်ကျားဆိုတဲ့ မြွေဟာ ကျနော်တို့ ကြားဖူးတဲ့ ပုံပြင်တွေထဲကအတိုင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ရှားပါးတဲ့မြွေ ဖြစ်ပါလိမ့်မယ်။ နဂိုအနေအေးတဲ့ မြွေမျိုးဖြစ်လို့ လူတွေက ရန်မူရင် အလွယ်တကူ မျိုးတုံးသွားနိုင်တဲ့ မြွေမျိုးစိတ်ပါပဲ။ ဒါကြောင့်များ လူကြီးတွေက ပုံပြင်တွေ ဖန်တီးပြီး မျိုးတုံးမသွားအောင် ထိန်းသိမ်းသလား တွေးမိလာပါတယ်။ အရင်ခေတ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့၊ ရှားပါးမျိုးစိတ် ထိန်းသိမ်းရေးတို့မှ မရှိပဲ။ ငန်းတော်ကျား ရှိရင် တခြားမြွေဆိုးတွေ မရှိဘူးဆိုတဲ့ လယ်သမားတွေအတွက် လက်ငင်းအကျိုး ရှိချင်လည်း ရှိပါလိမ့်မယ်။ ကျနော် စဉ်းစားကြည်တာက မြွေဆိုတာ ဒေါသကြီးတတ်၊ အငြှိုးကြီးတတ်တယ်။ ဒါကြောင့် မြွေဘုရင်ဆိုတာ အဆိပ်ကလည်း အပြင်းဆုံး ဖြစ်ရမယ်။ ဒေါသလည်းကြီးမှ၊ ရက်လည်း ရက်စက်တတ်မှ ဖြစ်နိုင်ပါလိမ့်မယ်။ အလောင်းစည်သူမင်းလို လိုအပ်ရင် ဦးပေါင်းကျားနဲ့ မြင်းကျားစီးနိုင်ရမယ်။ ဓားပြဗိုလ် ဗိုလ်အောင်ဒင်လို့ အသတ်အပုတ်ရော သေနတ်ပစ်တော့ တပည့်တွေထက် သာရမယ် မဟုတ်လား။ ဒါပေမဲ့ မြွေပွေး မြွေဟောက်လို ဆတ်ဆတ်အထိမခံ၊ ကျားနာတကောင်လို အငြှိုးတကြီး ပြန်ခံတိုက်ခိုက်လေ့မရှိတဲ့ ငန်းတော်ကျားက မြွေဘုရင်ဆိုတော့ တကယ်ကော ဖြစ်ပါ့မလားပေါ့။ အလောင်းစည်သူလို လူဘုရင်တောင် လိုအပ်ရင် လက်ရုံးရည်ပြရတာမို့ အဟိတ်တိရစ္ဆာန်မြွေတွေကို အကျင့်သီလ၊ ဉာဏ်ပညာ၊ သစ္စာမေတ္တာနဲ့ အုပ်ချုပ်ရလို့ရပါမလား ကျနော် သံသယဝင်လာပါတယ်။ တောခြင်္သေ့လို ရာဇမာန်မပြတဲ့ သူတော်ကောင်း မြွေဘုရင်ဟာ သိုးတွေလို လယ်သမားတွေက စောင့်ရှောက်မထားရင် အသက်ရှင်ပါ့မလားလို့ ကျနော် သံသယဝင်လာတယ်။  အခုခေတ် ကလေးတွေက ငန်းတော်ကျားပုံပြင်တွေအကြောင်း မသိနိုင်တော့ပါဘူး။ ကျနော်တောင် မေ့မေ့ပျောက်ပျောက်ပါပဲလေ။ မြွေဘုရင်တွေ အသက်ရှင်သေးရဲ့လား။ ရွာပြန်ရောက်တော့မှ ကာလသားခေါင်းကြီးကို မေးကြည့်ရပါဦးမယ်။ နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024