ဝူဟန်မြို့တွင် ကျန်ခဲ့သည့် မြန်မာကျောင်းသား ၂ ဦး ရောဂါကင်းရှင်း
DVB
·
February 3, 2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျန်ခဲ့တဲ့ မြန်မာကျောင်းသား ၂ ယောက်မှာ ဘာရောဂါမှမရှိဘဲ သူတို့နေထိုင်တဲ့ တက္ကသိုလ်ကျောင်းအဆောင်တွေကို ပြန်ရောက်သွားပြီလို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့က မြန်မာကျောင်းသား ၆၀ ကျော်ကို အစိုးရက လေယာဉ်နဲ့ပြန်ခေါ်ဆောင်ရာမှာ ၄ ယောက် ကျန်နေခဲ့တာဖြစ်ပြီး အဲဒီထဲက ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်တို့ ကိုယ်အပူချိန်မြင့်နေတာကြောင့် ကျန်နေခဲ့ရတာဖြစ်ပါတယ်။
ဝူဟန်မြို့ ကျန်းမာရေး အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြန့်ပွားရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမယ့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေအရ လေယာဉ်ပေါ်လိုက်ပါဖို့ တားမြစ်ခဲ့တာပါ။
သူတို့ကို ကျန်းမာရေး ဆက်လက်စစ်ဆေးခဲ့တာမှာ ကိုယ်အပူချိန်တွေဟာ ပုံမှန်အတိုင်းပဲ ရှိနေပြီး ဘာရောဂါမှ မရှိတာကို တွေ့ရလို့ သူတို့ရဲ့ တက္ကသိုလ်ကျောင်း အဆောင်တွေကို ပြန်ရောက်နေပြီလို့ ပေကျင်းမြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
သူတို့နေထိုင် စားသောက်တာ အဆင်ပြေဖို့အတွက်လည်း ဟူပေပြည်နယ်၊ နိုင်ငံခြားရေးရာရုံးနဲ့ ဆက်သွယ်ပေးနေတယ်လို့ သံရုံးက ဆိုပါတယ်။
ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာကျောင်းသား ၆၃ ယောက်ထဲက ၅၉ ယောက်ကိုတော့ မနေ့က လေယာဉ်နဲ့ ပြန်ခေါ်လာပြီး မန္တလေးမြို့က ကန်တော်နဒီဆေးရုံမှာထားရှိပါတယ်။
ကျန်နေခဲ့သူ ၄ ယောက်ထဲမှာ တယောက်က ပြည်နယ်ပြင်ပကိုရောက်နေကာ နောက်တယောက်ကတော့ လဝကကိစ္စကြောင့် ပြန်လိုက်မလာနိုင်တာလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။