ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲ မိုးညှင်းတွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
February 3, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်းရှမ်းပိုင်းရပ်ကွက်ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းမှာ ဖေဖော်ဝါရီ ၂ ရက် မနက်က ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲကို ကျင်းပပါတယ်။
ပွဲတော်ဖြစ်မြောက်ရေးဒုဥက္ကဋ္ဌ စိုင်းတင်လှက “ဒီပွဲတော်က သုံးနှစ်မှာတကြိမ်ကျင်းပလာတာ နှစ် ၆၀ ကျော်ပြီ ဆရာတော်က မိုးမိတ်ကနေ ပြောင်းလာတာ။ ဇောတိရှမ်းကျောင်းကတော့ မြန်မာပြည်တနိုင်လုံးမှာ ဒီတစ်ကျောင်းဘဲရှိတယ်။ ဝူဟန်ဗိုင်းရပ်စ်ရောဂါဖြစ်လို့ တရုတ်ယူနန်က လွဲရင် တနိုင်ငံလုံးက ဇောတိရှမ်းတွေ ဒီကျောင်းမှာ စုပေါင်းရှင်ပြုလာကြတာပါ”လို့ ပြောပါတယ်။
အခုခေတ်မှာ ပညာရေးပိုင်းကိုဦးစားပေးကြတဲ့အတွက် ပွဲကြီးမှာ ရှင်ပြုသူ အရေအတွက် နည်းသွားတယ်လို့သိရပါတယ်။ အရင်က ရှင်ပြုပွဲတွေမှာ ရှင်အပါး ၃၀၀ ကျော် ရှိခဲ့ပေမယ့် အခုနှစ်မှာ ရှင်အပါး ၁၇၀ ကျော်သာရှိပါတယ်။
စုပေါင်းရှင်ပြုပွဲကာလဟာ အစိုးရစာသင်ကျောင်းများ စာမေးပွဲနီးကာလဖြစ်လို့ စာသင်တဲ့ကျောင်းသားတွေအတွက် ကြားဖြတ်ပွဲကို ဇွန်လမှာ ထပ်မံပြုလုပ်ပေးရကြောင်း သိရပါတယ်။
ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌက “ခါတိုင်းနှစ်တွေကတော့ တရုတ်ယူနန်နယ်က ရှမ်းတွေလာတယ်။ ဒီနှစ် ဝူဟန်ဗိုင်းရပ်စ်ကြောင့် လမ်းတွေပိတ်လို့ သူတို့နယ်က မလာနိုင်ဘူး။ အဲဒီဖြစ်ရပ်ကို ကြိုတင်ကာကွယ်နိုင်အောင် ကျနော်တို့ ဆေးရုံကဆရာဝန်တွေကို အကြောင်းကြား ထားပါတယ်။ ဒီပွဲမှာ ကျန်းမာရေးကို အထူးဂရုစိုက်ထားပါတယ်။ အင်္ဂလိပ်ဆေးတွေရော တိုင်းရင်းသမားတော်တွေနဲ့ ဆေးတွေအပြည့် ထားပေးပါတယ်။ လူနာတွေ့ရင် ဆေးရုံကို ချက်ချင်းပို့နိုင်အောင် ကြပ်မတ်ထားပါတယ်”လို့ ပြောပါတယ်။
မြန်မာပြည် အနယ်နယ်အရပ်ရပ်က ဇောတိရှမ်းတွေဟာ သာမဏေဝတ်ဖို့ ၇ လ ကြိုတင် လာရောက်အပ်နှံကြရပါတယ်။ ရှင်ပြုမယ့်သူတွေကို ၁၀ နှစ်အောက် လက်မခံကြရပါဘူး။
ပွဲတော်ကို မြန်မာပြည်ရှိရှမ်း ၁၈ မြို့နယ်ကလာရောက်ကြပြီး ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။