မုံရွာတက္ကသိုလ်တွင် ဆိုင်ကယ်များ ပျောက်ဆုံးနေမှု ဖြေရှင်းပေးရန် ဆန္ဒပြ
Aung Ko Latt
·
February 3, 2020
မုံရွာတက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဆိုင်ကယ် တွေ မကြာခဏပျောက်ဆုံးနေတဲ့အတွက် သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူ ဖြေရှင်းပေးဖို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆိုင်ကယ်များပျောက်ဆုံးနေမှုကို ကျောင်းအာဏာပိုင်တွေက မသိတာ လား မသိချင်ယောင်ဆောင်နေတာလား၊ ကျောင်းသားတွေက ဆိုင်ကယ်ဘယ်နေ့ ပျောက်မလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ စာသင်နေရမှာလား၊ ကျောင်းလုံခြုံရေးအတွက် တာဝန်ယူမှု တာဝန်ခံမှု ဘယ်မှာလဲ စတဲ့ စာသားတွေရေးထားတဲ့ ပိုစတာတွေကိုင်ဆောင်ကာ မုံရွာတက္ကသိုလ် အဓိပတိလမ်းမပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ကျောင်းသားခေါင်းဆောင်တဦးက "ကျောင်းသားတွေရဲ့ ဆိုင်ကယ်ပျောက်နေမှုကို သင်တန်းရေးရာကို သွားမေးတယ်။ သူတို့ဆီမှာ လာရောက်တာတော့ ဘယ်လောက်ပဲရှိတယ်ဆိုပြီး ပြောတယ်။ တကယ်တမ်းတော့ သူတို့ပြောတာထက်မကဘူး။ သူတို့ဆီက ထွက်လာတဲ့စကားလုံးက သူတို့လုပ်ပေးပါတယ်ပေါ့။ ကျောင်းသား ၁ သောင်းကျော်တက်တဲ့ကျောင်းမှာ ဆိုင်ကယ်နေ့စဉ်ပျောက်ဆုံးနေမှုက အများကြီးရှိတယ်။ အဲဒီပြဿနာတွေကို ကျောင်းအာဏာပိုင်တွေက မသိဘူးလားပေါ့။ မဖြေရှင်းပေးနိုင်ဘူးလား။ သူတို့ဖြေရှင်းပေးတာက စီစီတီဗွီတပ်ပေးထားတယ်။ ကျနော်တို့က သူခိုးကို ထိုင်ပြီး မော်ဖူးနေရမယ့် လူတွေ မဟုတ်ဘူး။ ပျောက်သွားတဲ့ ဆိုင်ကယ်တွေ ပြန်လိုချင်တယ်။ ပြီးရင် ကျောင်းသားတွေက စာသင်ခန်းထဲမှာ အေးအေးဆေးဆေး စာသင်ချင်တယ်။ နောက်ပြီး မုံရွာတက္ကသိုလ်အတွင်းမှာ လွတ်လွတ်လပ်လပ် လုံခြုံစိတ်ချစွာ သွားလာ လှုပ်ရှားချင်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဖော်ပြတာပါ" လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တက္ကသိုလ်တာဝန်ရှိသူတဦးဖြစ်တဲ့ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦးက "မနက်ဖြန် သူတို့က ပါမောက္ခချုပ်ကြီးအပါအဝင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ အဆောင် အပေါ်ထပ်မှာ တွေ့ပေးမယ်။ ဆိုင်ကယ်က ပျောက်တာတော့ ပျောက်တယ်။ ဒါပေမယ့်လို့ ဒီရက်ပိုင်းမှာ ပျောက်တာ နည်းပါတယ်။ ဆိုင်ကယ်ပျောက်တာတွေနဲ့ ပတ်သက်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေမှာ အမြဲတမ်းပြောတယ်။ တန်ဖိုးကြီးတဲ့ ဆိုင်ကယ် ဆိုရင် သော့ ၂ ချက်ခတ်ပါ။ ဇက်သော့၊ ကြိုးသော့ခတ်ပါ။ ဂျီပီအက်စ်တပ်ပါဆိုပြီးတော့ မှာတယ်။ တချို့ကလေးတွေကျတော့ ပေါ့ပေါ့ဆဆစီးတယ်။ လမ်းမှာ သော့တန်းလန်းနဲ့ ရပ်ထားခဲ့တာ ၃၊ ၄ စီးမိတယ်။ မိတဲ့ဆိုင်ကယ်တွေကိုလည်း ကျောင်းသားတွေခေါ်ပြီး ခံဝန်ကတိတွေထိုးတယ်။ မှတ်တမ်းတွေရှိပါတယ်။ အရေးယူဆောင်ရွက်ပါတယ်။ တချို့ကျောင်းသားတွေခိုးသွားတာကို စီစီတီဗွီမှာပေါ်တယ်။ သို့သော် သူတို့မကျေနပ်တာက တရားခံဖမ်းမပေးနိုင်တာကိုပေါ့။ ကျောင်းရဲ့ အစီအစဉ်နဲ့ ပြင်ပကုမ္ပဏီတခုကို လုံခြုံရေးငှားရမ်းဖို့ ဒီလထဲမှာ စာချုပ်ချုပ်ဖို့ ရှိပါတယ်။ ဒါပြီးရင်တော့ လုံခြုံရေးအတွက် အသေးစိတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
မုံရွာတက္ကသိုလ်မှာ ကျောင်းသား ၂ သောင်းကျော်ရှိပြီး ဝန်ထမ်းအင်အားက ကျောင်းသား ၈၀၀၀ အတွက်သာ ဖွဲ့စည်းပုံရှိတယ်လို့ ဆိုပါတယ်။ ဘက်ဂျက်အခက်အခဲကြောင့် နိုင်ငံတော်က လည်း နောက်ထပ် ခန့်ထားနိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာလည်း တက္ကသိုလ်ဝင်တန်းအတွက် မေးခွန်းတွေ ထုတ်နေဆဲကာလဖြစ်ပြီး လုံခြုံရေးတင်းကြပ်တဲ့ကာလလည်း ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်တဲ့ဆီကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦး သွားရောက်ကာ ဆွေးနွေးပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်တာကိုတော့ နေ့လယ် ၁ နာရီခွဲလောကမှာ ရုပ်သိမ်းခဲ့ပါတယ်။