Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာ ၂ ဦး ဝေဘာဂီဆေးရုံမှဆင်း
ကိုရိုနာဗိုင်းရပ်စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာ ၂ ဦး ဝေဘာဂီဆေးရုံမှဆင်း
DVB
·
February 3, 2020
တရုတ်ကနေ လေယာဉ်နဲ့ ရောက်လာခဲ့တဲ့ တရုတ်အမျိုးသား တဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာမရှိလို့ ဆေးရုံကဆင်းခွင့်ပြုလိုက်သလို လေယာဉ်တစီးတည်း လိုက်ပါလာတဲ့ မြန်မာ ၂ ယောက်ကိုလည်း ဆေးရုံက ဆင်းခွင့်ပေးလိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃၁ ရက်က တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာ တဲ့ China Southern လေကြောင်းနဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသားခရီးသည် ၁ ယောက်ဟာ ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုး နှာစေးခြင်း လည်ချောင်းနာ လက္ခဏာတွေ စစ်ဆေးတွေ့ရှိရလို့ ဝေဘာဂီအထူးကုဆေးရုံသို့ပို့ဆောင်ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ် သီးသန့်ထားရှိစစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီ တရုတ်နိုင်ငံသားဆီက နှာခေါင်းတို့ဖတ်နမူနာရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်နေလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူလေယာဉ်တစ်စီးတည်း အတူလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် ၂ ဦးဟာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ဖို့ မလိုအပ်တော့လို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံရုံးယာယီတာဝန်ခံ Mrs. Li Xiaoyan ကတော့ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံရာမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် တရုတ်ပြည်သူတွေ အသက်ဆုံးရှုံးနေတဲ့ အပေါ် မြန်မာနိုင်ငံအနေနဲ့ စာနာထောက်ထားကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။