မန္တလေးဈေးများတွင် နှာခေါင်းစည်းများ လိုက်လံဝေငှ
Aung Aung Naing
·
February 3, 2020
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ဖို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီစျေးနဲ့ မြရည်နန္ဒာစျေးမှာ ဒီမနက်က နှာခေါင်းစည်းတွေ လိုက်လံဝေငှ တပ်ဆင်ပေးပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးရဲ့ ကိုယ်ပိုင်ငွေနဲ့ နှာခေါင်းစည်းတွေကို ဝေငှခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီဝင် ၂၀ ကျော်နဲ့ ဈေးကိုလာတဲ့သူတွေကို နှာခေါင်းစည်း ၅၀၀ လိုက်လံတပ်ဆင်ဝေငှပေးခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “ကျနော့် မဲဆန္ဒနယ်ပြည်သူတွေနဲ့ စျေးရောင်းသူဝယ်သူတွေကို ကိုရိုနာဗိုင်းရပ်နဲ့ပါတ်သက်ပြီး အသိပညာပေးတာဖြစ်ပြီး သန့်သန့်ရှင်းရှင်းရောင်းချနိုင်သလို ထိုက်သင့်သလောက် အကာအကွယ် ဖြစ်မယ်။ ဒါကြောင့် သားငါးရောင်းချနေသူတွေနဲ့ စျေးဝယ်သူတွေကို အဓိကထားပြီး ဝေငှတတ်ဆင် ပေးတာဖြစ်တယ်”လို့ ပြောပါတယ်။
ကျန်းမာရေးဦးစီးဌာနက ဒေါက်တာလင်းလင်းချစ် ဦးဆောင်တဲ့တာဝန်ရှိသူတွေကလည်း မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း ၃၄ လမ်းကြား ၇၇ လမ်းရှိ ဒိုင်းမွန်းပလာဇာစျေးမှာ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။