Homeမြန်မာသတင်း
လွိုင်ကော်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စောင့်ကြည့်ခံရသည့် ကလေးငယ် ကျန်းမာရေးကောင်းမွန်
လွိုင်ကော်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စောင့်ကြည့်ခံရသည့် ကလေးငယ် ကျန်းမာရေးကောင်းမွန်
နော်နိုရင်း
·
February 3, 2020
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်ခံရနေရဲ့ ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ဒီဗွီဘီက ပြောပါတယ်။
“ဆေးရုံမှာတက်နေတတဲ့ကလေးကတော့ အားလုံးသိတဲ့အတိုင်း ၂နှစ်နဲ့ ၂လပေါ့နော်။ ဒီကလေးက စပြီးတော့ တရုတ်ပြည်ကနေ ပြန်လာတာ အဖျားက ၉၉ ရှိတယ်။ ဒါပေမဲ့ နောက်ရက်ကစပြီးတော့၊ ဒီနေ့နဲ့ဆိုရင် ၂ ရက်ရှိသွားပြီ။ လုံးဝ အဖျားမရှိဘူး။ ချောင်းဆိုးတာလည်း မရှိဘူး၊ မောတာကြပ်တာတွေလည်း မရှိဘူး။ အဓိက သူက တရုတ်ပြည်ကနေပြန်လာတာ နည်းနည်းဖျားတာလေးရှိတယ်။ အဲတော့ ဆရာတို့က ဒီကလေးကို သံသယလို့တောင် ဆရာတို့က မသွင်းဘူး။ သူ့ကို စောင့်ကြပ်ကြည့်ရှုတဲ့ လူနာစာရင်းထဲမှာပဲ ထားပြီးတော့ စောင့်ကြပ်ကြည့်ရှု ပြီးတော့ တကယ်လို့ရောဂါ ပါလာခဲ့သော် စောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်း ပဲလုပ်တာ။ သူက သံသယထဲတောင် မဟုတ်ပါဘူး။ ရိုးရိုးဖျားတာပဲ။ ”
လောလောဆယ်တော့ ဒီကလေးရဲ့ နှာခေါင်တို့ပတ်နဲ့ လည်ပင်းတို့ပတ်ကို ယူပြီး မနေ့က ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကိုပို့ထားပြီး အဲဒီကနေဆင့် ထိုင်းကိုဆက်ပို့ကာ အဲဒီကအဖြေ ပြန်လာပြီး ရောဂါမရှိဘူးဆိုတဲ့ အချိန်ကျမှ အိမ်ပြန်လွှတ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်က တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေးတံတားဦးလေဆိပ်သို့ ရောက်ရှိလာတဲ့ ခရီးသည်တွေထဲက ၂ နှစ်ကျော်အရွယ် ကလေးငယ်တဦး ချောင်းဆိုးဖျားနာတဲ့ အတွက် မန္တလေး ကုတင်၅၅၀ ကလေးဆေးရုံမှာ သီးသန့်စစ်ဆေးဖို့ စေလွှတ်ခဲ့ပါတယ်။
ကလေးမှာ စိုးရိမ်စရာမရှိလို့ နေရပ်ဖြစ်တဲ့ လွိုင်ကော်မြို့ကို ပြန်လည်စေလွှတ်ခဲ့ပြီး ပြည်နယ်ကျန်းမာရေးဌာနကို ဆက်လက်စစ်ဆေးညွှန်ထားတဲ့အတွက် ကယားပြည်နယ် ကျန်းမာရေးဌာနအနနဲ့ စောင့်ကြည့်လူနာ အနေနဲ့ ဆေးရုံမှာထားရှိတာလည်းဖြစ်ပါတယ်။