မြောက်ဦးတွင်ဗုံးပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 3, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှာ စစ်ကျန်လက်ပစ်ဗုံး တလုံးပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ်ကလေး တဦးသေဆုံးပြီး အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က ချောင်းသစ်ကျေးရွာ အနားမှာ ရှိတဲ့ တောစပ်အနားက ကောက်ယူလာခဲ့တဲ့ဗုံးသီးဟာ ကျေးရွာအနားဆန်စက်နားမှာ ပေါက်ကွဲခဲ့တာလို့ ချောင်းသစ်ကျေးရွာ အုပ်ရေးမှူး ဦးသိန်းစိုးလှက ပြောပါတယ်။
မြောက်ဦးမြို့နယ် ဂရုဏာလှိုင်း သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက “ကလေးက ရွာရဲ့အနားတောစပ်က ချောင်းထဲက အဲ့ဗုံးသီးကိုရလာတယ်လို့ ဆိုတယ်။ အဲဒီ ဗုံးသီးကိုင်လို့လာတယ်။ ဆန်စက်နားကို ရောက်တယ်။ အဲ့ဒီမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ အဲ့ဒီ ကလေးကတော့ သေတယ်။ ပြီးတော့ အသက် ၄၀ လောက်ရှိမယ် အမျိုးသမီး တယောက်ပြင်းထန် ဒဏ်ရာရပြီးတော့ မြောက်ဦးဆေးရုံပို့လိုက်ရတယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။
သေဆုံးသူမှာ ချောင်းသစ်ကျေးရွာက မောင်ကျော်ကျော်သန်း အသက် ၁၅ နှစ်ဖြစ်ပြီး ဒဏ်ရာရှိခဲ့သူ ဒေါ်ဖြူမေကိုတော့ မြောက်ဦးဆေးရုံမှာအရေးပေါ်တင်ထားရကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
“ဒဏ်ရာကတော့ ခန္ဓာကိုယ်တကိုယ်လုံးမှာ ရထားတယ်။ ခြေထောက်၊ ဝမ်းဗိုက်၊ လက်တွေ၊ အကုန်ပဲ၊ ယောကျ်ားလေးကတော့ ရထားတဲ့ဒဏ်ရာ တအားပြင်းတယ်။ ကျနော်တို့သွားခေါ် ကတည်းက သတိမေ့နေပြီ။ ဆေးရုံးရောက်တော့ဆုံးသွားတယ်။ အမျိုးသမီးကတော့ ဒဏ်ရာနေရာ အနှံ့ပဲ၊ ဒါပေမယ့် မစိုးရိမ်ရဘူး” မြောက်ဦးမြို့နယ် ဂရုဏာလှိုင်း သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းကလို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလကလည်း အဲ့ဒီချောင်သစ်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်အေအေတို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး အဲ့ဒီရွာအနီးကတောင်တန်းတဝိုက်နားမှာ တပ်မတော်က စခန်းချနေထိုင်ခဲ့တယ်လို့ ချောင်းသစ်ကျေးရွာသားတွေကပြောပါတယ်။