Homeမြန်မာသတင်း
နေပြည်တော် အပါအဝင် မြို့အချို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာများ ထပ်မံတွေ့ရှိ
နေပြည်တော် အပါအဝင် မြို့အချို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာများ ထပ်မံတွေ့ရှိ
DVB
·
February 3, 2020
နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့တချို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံကွမ်ကျိုးမြို့ကနေ မြန်မာနိုင်ငံကို ဇန်နဝါရီ ၃၁ ရက်က ရောက်ရှိလာပြီး အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် တရုတ်အမျိုးသားတဦးဟာ ဖေဖော်ဝါရီ ၂ ရက်က ကိုယ်အပူချိန် မြင့်မားလာလို့ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးခန်းတခုမှာ သွားရောက်ပြသခဲ့ရာ အဆိုပါ ဆေးခန်းမှ နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ သီးသန့် ထားရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက သတင်းမှာဖော်ပြပါတယ်။
အဆိုပါလူနာကို အသေးစိတ်စစ်ဆေးရာမှာ ကိုယ်အပူချိန်မြင့်မားတာ၊ ချောင်းဆိုးတာနဲ့ နှာစေးခြင်းလက္ခဏာတွေ တွေ့ရှိရလို့ 2019 Novel Coronavirus ရောဂါ သံသယလူနာအဖြစ် သတ်မှတ်ပြီး ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ဖို့အတွက် သူ့ထံက နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) တွေ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။
အလားတူ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မန္တလေးလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်က ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား၊ အသက် ၂ နှစ် ၂ လအရွယ် ကလေးငယ် (မ) တဦးဟာလည်း ဇန်နဝါရီ ၁ ရက်က ကိုယ်ပူချိန်မြင့်တက်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးရာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတွေ့ရှိရပေမယ့် စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ကာ သီးခြားခန်းမှာ ကုသပေးနေတယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာတော့ ကိုရီးယားသမ္မတနိုင်ငံသား အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချောင်းဆိုးရာက သွေးစအနည်းပါလာလို့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို လွှဲပြောင်းကာ သီးခြားခန်းမှာ စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိ ကုသပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာလည်း တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာအမျိုးသားတဦးကို မင်းပြားဆေးရုံ၌ သီးသန့်ခန်းမှာ ထားရှိ စောင့်ကြပ်ကြည့်ရှုပေးနေရပါတယ်။
စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်းမှာ ထားရှိကုသပေးနေပြီး အသက် ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတဦးကိုလည်း သံသယလူနာအဖြစ် သတ်မှတ်ပြီး ရန်ကုန် ဝေဘာဂီဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ အနည်းဆုံး ၇ ဦးလောက်ရှိနေပြီဖြစ်ပြီး ရောဂါအတည်ပြုလူနာတော့ တဦးမှ မရှိသေးသလို သေဆုံးသူလည်း မရှိသေးပါဘူး။