အမေရိကန်နှင့် အစ္စရေးကို ဆက်ဆံရေးအားလုံး ပါလက်စတိုင်း ဖြတ်တောက်

REUTERS/Mohamad Torokman
1.3K
ပါလက်စတိုင်းအာဏာပိုင်တွေက အမေရိကန်နဲ့ရော အစ္စရေးနဲ့ပါ လုံခြုံရေးဆိုင်ရာဆက်ဆံရေးအပါအဝင် အဆက်အဆံအားလုံးကို ဖြတ်တောက်လိုက်တယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီသီတင်းပတ်ထဲမှာ တင်ပြခဲ့တဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချအပြီး ခုလို ပြောလိုက်တာပါ။
ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ အာရပ်အသင်းချုပ်ရဲ့မြို့တော်ကိုင်ရိုက အထူးအစည်းအဝေးအတွင်း မိန့်ခွန်းမှာ အာဘတ်စ်က အခုလို ပြောလိုက်တာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တံဆိပ်ခတ်နှိပ်ထားတဲ့ အသေးစိတ်စီမံချက်ထဲမှာ စစ်တပ်ကင်းစင်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖန်တီးဖို့ ဆော်သြထားပြီး အစ္စရေးက သိမ်းပိုက်ထားတဲ့ ပိုင်နက်ထဲမှာ တည်ဆောက်ထားတဲ့ ဂျူးအခြေချရပ်ကွက်တွေက ပါလက်စတိုင်း နယ်နိမိတ်ထဲမှာ မပါပါဘူး။
ဒါ့အပြင် အဲဒီနယ်မြေရဲ့ လုံခြုံရေးကို အစ္စရေးက လုံးဝနီးပါး ထိန်းချုပ်ဖို့ စီစဉ်ထားပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း လုံခြုံရေးတပ်တွေဟာ ပါလက်စတိုင်းတွေ ကြီးစိုးတဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသထဲက ရဲနယ်မြေတွေထဲမှာ ကာလကြာရှည် ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
ဒါ့အပြင် ၂၀၁၇ မှာ ထရမ့်အစိုးရရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ပါလက်စတိုင်းက စပြီး သပိတ်မှောက်အပြီးမှာတောင် ပါလက်တိုင်း အာဏာပိုင်တွေဟာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA နဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရှိထားပါတယ်။
ပါလက်စတိုင်းသမ္မတကတော့ ဒီအရေးနဲ့ပတ်သက်ရင် လေ့လာဖို့ မိတ္တူကို လက်ခံဖို့သာမက ထရမ့်နဲ့ ဖုန်းပြော ဆွေးနွေးဖို့ကိုပါ ငြင်းပယ်ထားပါတယ်။
ထရမ့်ရဲ့ စီမံကိန်းထဲမှာ အစ္စရေးရဲ့သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ အခြေချနေထိုင်မှုကို အမေရိကန်က အသိအမှတ်ပြုရုံမက ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုထားပါတယ်။